Home
မြန်မာသတင်း
ငလျင်နှင့် ပြည်တွင်းစစ်ကြောင့် သေဆုံးရတဲ့ မြန်မာကလေးငယ်များအတွက် Miss World အလှမယ် ထုတ်ဖော်
DVB
·
May 22, 2025

၇၂ ကြိမ်မြောက် Miss World ပြိုင်ပွဲကို မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ် ခီဆာခင်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးနဲ့ ပြည်တွင်းစစ်ကြောင့် ကလေးငယ်တွေ သေဆုံးခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အလှမယ်တွေကို လူမှုဆက်ဆံရေး စွမ်းရည်နဲ့ လူထုရှေ့ စကားပြောဆိုမှု စွမ်းရည်တွေကို စစ်ဆေးတဲ့ Head to Head challenge ပြိုင်ပွဲမှာ အခုလို ထုတ်ဖော် ပြောဆိုလိုက်တာပါ။

မြန်မာလူထုအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ အလှမယ် ခီဆာခင်က ပြောဆိုခဲ့ပြီး မြန်မာကိုယ်စားပြုအနေနဲ့ ဒီနေရာမှာ ရည်ရွယ်ချက်တခုနဲ့ ရောက်နေပြီး အမှောင်ဆုံး အချိန်တွေမှာတောင် အလင်းကို ရှာဖွေနိုင်ဖို့ ရည်ရွယ်ချက်၊ မျှော်လင့်ချက်နဲ့အတူ တိုက်ခိုက်ဖို့ ရွေးချယ်ခံရသူတယောက်အနေနဲ့ ငလျင်နဲ့ အခြားဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခံစားရတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေကို ကူညီပေးသွားဖို့ ကတိပေးတယ်လို့လည်း ခီဆာခင်က ပြောဆိုခဲ့တာပါ။

အလှမယ် ခီဆာခင်က “ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ။ နေခြည်မှာ ရွှေရည်လောင်း။ ငါတို့ စာသင်ကျောင်း။” ဆိုတဲ့ တို့ကျောင်းကဗျာကိုလည်း ရွတ်ဆိုခဲ့သလို “ဒီကဗျာကို ရွတ်ရင်းနဲ့ ငလျင်ဒဏ်နဲ့ ပြည်တွင်းစစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်တွေအားလုံးအတွက် နက်နက်ရှိုင်းရှိုင်းကို ဝမ်းနည်းမိပါတယ်။ သူတို့လေးတွေဟာ ကျောင်းဝတ်စုံလေးတွေ၊ စာအုပ်တွေ၊ ကျောင်းလွယ်အိတ်လေးတွေ သွေးစွန်းသွားခဲ့တာကို သိတောင် သိကြပါ့မလားရှင်။ တကယ်ကို ဝမ်းနည်းရပါတယ်။ ကလေးလေးတွေ ကောင်းရာမွန်ရာ ရောက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။

Miss World အလှမယ် ပြိုင်ပွဲကို အိန္ဒိယနိုင်ငံ ဟိုင်ဒရဘာဒ်မြို့မှာ မေ ၇ ရက်ကနေ ၃၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၀၈ နိုင်ငံက အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး မြန်မာကိုယ်စားပြု အလှမယ် ခီဆာခင်ကတော့ အသက် ၁၇ နှစ်အရွယ် အလှမယ်တယောက်လည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024