Home
နိုင်ငံတကာ
ဆန်ဝယ်စားရန်မလိုဟု နောက်ပြောင်ခဲ့သည့် ဂျပန်စိုက်ပျိုးရေးဝန်ကြီး ရာထူးကနုတ်ထွက်
DVB
·
May 22, 2025
Photo :Reuters

DVB

ထောက်ခံသူတွေက ဆန်တွေ အလျှံအပယ် လက်ဆောင်ပေးတာကြောင့် ဘယ်တုန်းကမှ ‘ဆန်’ ဝယ်စားဖို့ မလိုခဲ့ဘူးလို့ နောက်ပြောင်ပြောဆိုခဲ့တဲ့ ဂျပန် စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်းဝန်ကြီးဟာ ရာထူးက နုတ်ထွက်ပေးခဲ့ရပါတယ်။

ဝန်ကြီး တာကု အီတိုက အရွှန်းဖောက်ခဲ့တာဆိုပေမဲ့ လူနေမှုစရိတ်ကြီးမြင့်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်မှာ အထူးသဖြင့် ဆန်စျေးမြင့်တက်မှု ကြုံနေရတာကြောင့် ရယ်စရာ မဟုတ်ခဲ့ပါဘူး။

ဂျပန်မှာ မနှစ်က ဆန်စျေးဟာ ၂ ဆကျော် မြင့်တက်ခဲ့ပါတယ်။ မေ ၁၈ ရက်က ပြောခဲ့တဲ့ စကားအတွက် အီတိုက ပြန်လည်တောင်းပန်ခဲ့ပြီး ၂၁ ရက်နေ့မှာ ရာထူးကပါ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

နုတ်မထွက်ရင် အယုံအကြည်မရှိအဆို တင်သွင်းပြီး ဖြုတ်ချမယ်လို့ အတိုက်အခံပါတီတွေက ခြိမ်းခြောက်ခဲ့တာပါ။

အီတို နုတ်ထွက်ပေးခဲ့ရမှုဟာ လူထုထောက်ခံမှု ကျနေလို့ ရုန်းကန်နေရတဲ့ ဝန်ကြီးချုပ် ရှီဂဲရု အီရှိဘရဲ့ လူနည်းစုအစိုးရအတွက် နောက်ထပ်ထိုးနှက်ချက် ဖြစ်လာပါတယ်။

ဆန်စပါးဟာ ဂျပန်မှာ နိုင်ငံရေးအရ အရေးပါတဲ့ ကိစ္စတခုဖြစ်ပြီး ၁၉၁၈ ခုနှစ်တုန်းက ဆန်စျေးတက်လို့ အုံကြွရာကနေ အစိုးရပါ ပြုတ်ကျခဲ့ဖူးပါတယ်။

၁၉၉၅ ခုအထိ ဆန်ဘယ်လောက် ထုတ်လုပ်ရမယ် ဆိုတာကို အစိုးရက စိုက်ပျိုးရေးသမဝါယမတွေနဲ့ ပူးပေါင်းထိန်းချုပ်လေ့ ရှိပါတယ်။

နောက်ပိုင်းမှာ အဲဒီစနစ် ဖျက်သိမ်းလိုက်ပေမဲ့ ဆန်ပိုလျှံမှာစိုးတဲ့အတွက် ဝယ်လိုအား ခန့်မှန်းခြေကို စိုက်ပျိုးရေးဌာနက နှစ်စဉ် ဆက်လက်ထုတ်ပြန်ပေးလေ့ ရှိပါတယ်။

ဒါပေမဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ တွက်ချက်မှု မှားယွင်းခဲ့တာကြောင့် ဆန်လိုအပ်မှု ဖြစ်ခဲ့ပါတယ်။

ဆန်တန်ချိန် ၆ ဒသမ ၈ သန်း လိုမယ်လို့ တွက်ပေမဲ့ တန်ချိန် ၇ ဒသမ ၀၅ သန်း လိုအပ်ခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားလာရောက်မှုများတာ၊ ကိုဗစ်နောက်ပိုင်း လူတွေ စားသုံးမှု မြင့်တက်တာတွေကြောင့်  ခုပြဿနာ ကြုံခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုက တန် ၆ ဒသမ ၆၁ သန်းပဲ ရှိခဲ့ပါတယ်။

ဆန်စိုက်ပျိုးရတာ အကျိုးအမြတ် မဖြစ်ထွန်းတာကြောင့် အစိုးရက အထောက်အပံ့ပေးတဲ့ ဂျုံနဲ့ ပဲပိစပ်ကို ပြောင်းလဲစိုက်ပျိုးမှုကလည်း ဆန်အထွက်နှုန်းကျရတဲ့ ပြဿနာတရပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024