
မြန်မာနိုင်ငံမှာ မတ် ၂၈ ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ဒေသတွင်း သံခင်းတမန်ခင်း ပြန်ရှင်သန်ဖို့ အဓိက အခွင့်အလမ်းတခုဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ခေါ်ဆိုလိုက်ပြီး အာဆီယံအဖွဲ့အားလုံးနဲ့ ပိုနက်နက်ရှိုင်းရှိုင်းထိတွေ့ဆက်ဆံဖို့ မေ ၂၁ ရက်က တိုက်တွန်း ပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် တွေ့ဆုံဆွေးနွေးတာတွေ ဆက်လုပ်ဖို့ အာဆီယံအဖွဲ့ဝင်တွေဆီက ထောက်ခံမှု တညီတညွတ်တည်း ရထားတယ်လို့ ဝန်ကြီးချုပ် အန်နဝါက ပြောပါတယ်။
“ကျနော့်ရဲ့ အာဆီယံလုပ်ဖော်ကိုင်ဖက်တွေအားလုံးကို တိုင်ပင်တဲ့အခါ ဘယ်သူကမှ သတိကြီးကြီးထားဖို့ မပြောပါဘူး။ အားလုံးက ကောင်းပါတယ်လို့ ပြောပါတယ်၊ ဒီငလျင်ကို (မြန်မာ) နဲ့ ထိတွေ့ ဆက်ဆံဖို့ အခွင့်အရေးတခုအနေနဲ့ သုံးပါ” လို့ အန်နဝါက ပြောပါတယ်။
ဆွေးနွေးဖို့လိုတယ်လို့ အလေးပေး ပြောနေချိန်မှာ မလေးရှားက မြန်မာနိုင်ငံအပေါ် အခြေအနေတွေ သတ်မှတ်ထားဖို့ မရည်ရွယ်ထားဘူးလို့လည်း အန်ဝါက အလေးပေး ပြောပါတယ်။
မလေးရှားဟာ မြန်မာနိုင်ငံပဋိပက္ခမှာ ပါနေတဲ့ အဖွဲ့တွေ အများကြီးနဲ့ အလွတ်သဘော စဆွေးနွေးခဲ့ပြီး ဒီလှုပ်ရှားမှုကို အာဆီယံရဲ့ပထမဆုံး အလေးအနက်ထား ထိတွေ့ဆက်ဆံရေး ကြိုးပမ်းမှုအဖြစ် ဘောင်ခတ်ထားတယ်လို့ အန်ဝါက ထုတ်ပြောပါတယ်။
“နောက်တခါ အရေးကြီးတာက လူ့ဂုဏ်သိက္ခာ၊ လူတွေကို သတ်တာ ဒါမှမဟုတ် သူတို့ရဲ့ အိမ်တွေကို မီးရှို့တာ ရပ်ပစ်ရမယ်” လို့ အန်ဝါက ထပ်ပြောခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အရှေ့တောင်အာရှနိုင်ငံအသင်း အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတာဖြစ်ပြီး မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ပါ ထိတွေ့ ဆက်ဆံမှုတွေပြုလုပ်နေတာပါ။
လာမယ့် သီတင်းပတ်မှာလည်း အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး မြန်မာ့အရေး ဆွေးနွေးပွဲ ၂ ခုလည်း ကျင်းပဖို့ ရှိနေပါတယ်။