
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့နယ်ထဲမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားပေါင်း ၅ သန်းကျော် ဖမ်းဆီးရမိတယ်လို့ matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ချင်းရိုင်းမြို့နယ် မဲ့ခေါက်တုမ့်ကျေးရွာအုပ်စု ဟွေ့အုမ့်မိုင်ရွာက ရေလှောင်တမံအနီး မြက်တောထဲမှာ သံသယဖြစ်ဘွယ်အိတ်တွေ သိုဝှက်ထားတာ တွေ့ရကြောင်း သက်ဆိုင်ရာ ရွာသူကြီးက အကြောင်းကြားတာကြောင့် မေ ၂၁ ရက်က တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန့်တူနယ်မြေရဲတပ်ဖွဲ့ ရဲမှူး နာ့ဿ်ဝုဒ် ကယောက်ဆိပ်က သတင်း ထောက်တွေကို ပြောပါတယ်။
အဆိုပါနေရာမှာ မြက်တောတွေကြားထဲ မိုးကာနဲ့လွှားထားတဲ့ အိတ် ၁၉ လုံးထဲမှာ စိတ်ကြွဆေးတွေထည့်ထားပြီး ခန့်မှန်းခြေ အလေးချိန် ၅၃၉ ကီလိုဂရမ် နဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၅, ၂၀၀ ,၀၀၀ (ငါးသန်းနှစ်သိန်း) ခန့်ရှိမယ်လို့ ဆိုပါတယ်။
အဆိုပါမူးယစ်ဆေးဝါးတွေဟာ နိုင်ငံဖြတ်ကျော်မူးယစ်ကုန်သည်တွေရဲ့ ပစ္စည်းဖြစ်ပြီး ထိုင်းနိုင်ငံ အတွင်းပိုင်းကို အသုတ်လိုက်ဖြန့်ဖြူးဖို့ လာဝှက်ထားတာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။ အဆိုပါ မူးယစ်ဆေးတွေကို ခရိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ အပ်နှံပြီး ပါဝင်ပတ်သက်ဘွယ်ရှိသူကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲမှူး နာ့ဿ်ဝုဒ်က ပြောသွား ပါတယ်။