Home
ဆောင်းပါး
သူခိုးဖမ်းခ အချုပ်လေးလ 
DVB
·
May 22, 2025

စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်ရဲ့ နွေနှောင်းပိုင်းရဲ့ ည ၁၀ နာရီလောက်မှာ ရဲစခန်းရဲ့ အမှုစစ် အခန်းထဲက ဆူညံသံတွေ၊ ဆဲဆိုသံတွေနဲ့ နာကျင်ညည်းတွားသံတွေ ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ‌ရဲကင်းရဲ့ သံချောင်းခေါက်သံတချက် အပြီးမှာတော့ အချုပ်တံခါးကို ရဲနှစ်ဦး လာဖွင့်ပြီး တမီးလ်လူမျိုးတဦးကို တွန်းထည့်သွားပါတော့တယ်။ ပါးစပ်နဲ့ လက်မှာ ပြတ်ရှဒဏ်ရာတွေ တွေ့ရသလို လက်မောင်းမှာလည်း ပတ်တီးအဖွေးသား စည်းထားခံရတယ်။ ဝတ်ထားတဲ့ ပလေကတ်ပုဆိုးမှာတော့ သွေးကွက်တွေနဲ့ အပွင့်ဖော်ထားသလိုပါပဲ။ ဝတ်ထားတဲ့ အင်ဂျင်ဝိုင်ကြော်ငြာ အင်္ကျီမှာတော့ ဆီချေးတွေက စွန်းနေတာ တွေ့ရတယ်။

သူ့နာမည်က မျိုးကြီး။ နာမည်အရင်းတော့ မသိ။ အချုပ်ထဲ ခေါ်တဲ့နာမည်။ ပုံစံက လေးဘဝလူဝင်စား ရုပ်ရှင်ထဲက တမီးလ်မင်းသားတဦးနဲ့ ဆင်ပါတယ်။ ဆံပင်ကွေးကွေး အရပ်ရှည်ရှည် ပိန်ပိန်။ အမြဲပြုံးနေတတ်သလို ရယ်လိုက်ရင် သွားနဲ့ အသားအရေက ဆန့်ကျင်ဘက်အရောင် ထွက်သူ။ ခန့်မှန်းအသက် အစိတ်လောက်ပါပဲ။

ရော့ခ်အဆို‌တော် မျိုးကြီး အသံကို တမီးလ်အသံနဲ့ သီချင်းဆိုနိုင်လို့ နာမည်ပြောင် မျိုးကြီးလို့ ခေါ်ရာက တဆောင်လုံး မျိုးကြီး၊ အချုပ်စောင့်ရဲတွေပါ မျိုးကြီးလို့ ခေါ်ကြတာ။ သူ့အမှုက သူခိုးဖမ်းပေးမှု။ ဆိုင်ကယ်ခိုးတဲ့သူကို ဖမ်းပေးရာကနေ အချုပ်ထဲ ၄ လအထိ နေခဲ့ရတဲ့ လူငယ်အရပ်သားတဦး ဖြစ်ပါတယ်။

အချုပ်ထဲမရောက်ခင် ဖြစ်တဲ့ည ၈ နာရီကျော်လောက်မှာ သူအလုပ်လုပ်တဲ့ ကားဝပ်ရှော့ကနေ ပြန်လာရင်း လမ်းမှာ အနောက်ကနေ “ဆိုင်ကယ်သူခိုး သူခိုး” အော်တာကြောင့် လှည့်ကြည့်ရင်း ပြေးလာတဲ့ ခိုးသွားသူလို့ ယူဆရသူ‌ကို လက်ထဲက စတီးထမင်းချိုင့်နဲ့ ရိုက်ပြီး ဖမ်းလိုက်ပါတော့တယ်။ ဆိုင်ကယ်ရော လူပါ လဲကျသွားချိန်မှာ လူအုပ်ကြီးက မီလာပြီး သူခိုးရော ဆိုင်ကယ်ပါ မိသွားပါတော့တယ်။

သူခိုးကတော့ အရိုက်ခံတဲ့ဒဏ်ရော ဆိုင်ကယ်အရှိန်နဲ့ ရောပြီး သတိလစ်နေသေးတာကြောင့်  မြို့နယ်ဆေးရုံကို အရပ်ဘက်အသင်းယာဉ်နဲ့ ပို့ပေးထားကြသလို ဖမ်းပေးတဲ့ မျိုးကြီးကိုလည်း နယ်ထိန်းဆိုသူနဲ့ ရဲတပ်သားတွေက နာမည်၊ နေရပ်လိပ်စာ မေးပြီး ပြန်လွှတ်လိုက်ပါတယ်။

မျိုးကြီး အိမ်ရောက်ပြီး နာရီဝက်ခန့်အကြာမှာပဲ သူနေတဲ့အိမ်ကို ရပ်ကွက်လူကြီးတွေနဲ့ ရဲတွေ ပါတဲ့အဖွဲ့က ရောက်လာပြီး ဧည့်စာရင်းစစ်ပါတော့တယ်။ အိမ်ထဲဝင် မစစ်သေးခင်မှာ အိမ်ရှေ့ လူအကုန်ထွက်ခိုင်းတာကြောင့် အိပ်နေပြီဖြစ်တဲ့ သူ့ရဲ့တူမလေး ၂ ဦးကို နှိုး၊ လေဖြတ်ထားတဲ့ အဒေါ်ကိုပါ ချီပြီး မိသားစုလိုက် အိမ်ရှေ့ထွက်ပေးခဲ့ရပါတယ်။

သက်ကြီးမိသားစုဝင်တချို့မှာ အစိမ်းကတ်‌ကိုင်ထားကြသူ‌တွေ ဖြစ်ပေမဲ့ ပန်းရောင် နိုင်ငံသားကတ် ကိုင်ထားတဲ့ မျိုးကြီးကိုတော့ နိုင်ငံသားမှတ်ပုံတင်အတုလုပ်မှု သံသယရှိမှု၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်မှုတွေနဲ့ ခေါင်းစဉ်တပ်ကာ စစ်ဆေးရန်ဆိုပြီး မြို့နယ်ရဲစခန်းကို ဖမ်းဆီးသွားသလို အမှုစစ်အခန်းမှာ ရိုက်နှက် စစ်ဆေးခံခဲ့ရပါတယ်။

မျိုးကြီးရဲ့ မှတ်ပုံတင်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီက နိုင်ငံတော်အဆင့် စီမံချက်နဲ့ ရပ်ကွက်ရုံးမှာ တရားဝင်လုပ်ထားခဲ့တာလို့ သိရပေမဲ့ မျိုးကြီးကတော့ မှတ်ပုံတင်အတု ကိုင်ဆောင်မှုနဲ့ အချုပ်ထဲ ရောက်နေခဲ့ပါတယ်။ မျိုးကြီး ပြောပြောနေကျ စကားရှိပါတယ်။ သူသာ သူခိုးမဖမ်းပေးရင် အချုပ်ထဲမရောက်ဘူး။ အလုပ်မပြုတ်ဘူး။ အသည်းမကွဲဘူးတဲ့။

မျိုးကြီးကို အချုပ်ထဲထည့်တော့ အရက်စော်နံဟောင်နေတဲ့ လာပို့တဲ့ ရဲတပ်သားက “စောက်ကုလားကို ပုံစံပေးလိုက်ကွာ။ ငါ(#)မကုလား ဝက်သားကျွေးလိုက်။ ခိုးဝင်ကောင်တွေ အကုန်မျိုးဖြုတ်ပစ်မယ်”။

အချုပ်အခန်းထောင့်မှာတော့ တန်းစီးလုပ်နေသူက မျိုးကြီးနဲ့ အသက်မကွာတဲ့ မြို့ခံလူမိုက်။ မျိုးကြီး အချုပ်ထဲရောက်ရောက်ချင်း မျက်လုံးဝေ့ကြည့်နေခဲ့တယ်။ လူမိုက်တန်းစီးအိပ်တဲ့ နေရာကို လက်အုပ်ချီ လျှောက်သွားလိုက်ပြီး ထိုင်ကန်တော့လိုက်တာ မြင်လိုက်မိပါတယ်။

တန်းစီးကို မဟုတ်ဘဲ အခန်းထောင့်က ဗုဒ္ဓရုပ်ပုံတော်ကို ကျကျနနကို ထိုင်ရှိခိုးတာပါ။ မျိုးကြီးဟာ တမီးလ်လူမျိုး ဗုဒ္ဓဘာသာဖြစ်နေမှန်း အားလုံး သိလိုက်ရပါတော့တယ်။ ဒါဆို စစ်ကောင်စီစခန်းက ရဲက ဘာလို့ မဟုတ်တာတွေကို ဆဲရေးဆိုနေခဲ့တာ ဖြစ်မလဲ။

၁၅ ပေ၊ ပေ ၂၀ သာ ကျယ်ပြီး ဒူးခေါင်းဖုံးအုပ်ရုံသာ လုံတဲ့ အိမ်သာပါ အခန်းမှာ နိုင်ငံရေးအကျဉ်းသား ၅ ဦး၊ အခြားအမှု ၂၀ ကျော်နဲ့ မျိုးကြီးတို့ အတူတူ အကျဉ်းကျနေခဲ့ပါပြီ။

အချုပ်ထဲမှာ မျိုးကြီး အငြိမ်မနေပါ။ ဒဏ်ရာသက်သာတာနဲ့ ကော်ဖီအိတ်ခွံတွေကို ခေါက်ပြီး ဘုရားစင်မှာ အလှဆင်သလို အချုပ်သားအားလုံးကို အကြောပြင်၊ နှိပ်နင်း ပေးတတ်ပါတယ်။ မိသားစုက အချုပ်ဝင်စာ လာမတွေ့နိုင်ပေမဲ့ မျိုးကြီးက အချုပ်ထဲ လူချစ်လူခင်များပြီး ပေးတဲ့ ဆေးလိပ်၊ ကော်ဖီ၊ အချိုရည်နဲ့ အဆင်ပြေနေပုံရပါတယ်။

ဘုရားရှိခိုးချိန်မှာ အသံထွက် ရှိခိုးတတ်တဲ့ မျိုးကြီး၊ စနေသားသမီးကို မေတ္တာပို့ အမျှဝေ ဆုတောင်းတတ်တဲ့ မျိုးကြီးဟာ ညနေစောင်း‌ရင်တော့ ချောင်မှာ ငူငိုင်နေတတ်ပြီး မေးရင်လည်း ပြန်ဖြေလေ့မရှိတာ သတိထားမိပါတယ်။

နောက်ရက် မျိုးကြီးကို ဧည့်တွေ့လာပါတယ်။ မိသားစုတော့ မဟုတ်ပါ။

မျိုးကြီး ရိုက်ဖမ်းလိုက်တဲ့ သူခိုးရဲ့ မိသားစုဝင်တွေဖြစ်ပြီး စစ်တပ်ထဲက ရာထူးရာခံအမည်တွေနဲ့ ခြိမ်းခြောက်ကာ ‌တကျွန်းပို့မယ်၊ တရားစွဲမယ်လို့ ပြောကြပါတယ်။

မျိုးကြီး စိတ်ဓာတ်တော်တော်‌ကျနေပုံရတာ တွေ့ရပါတယ်။ သူ့မျက်နှာ ‌ချွေးတွေက ကွဲနေတဲ့ နှုတ်ခမ်းထောင့်မှာ တသီးသီးကျနေပါပြီ။ အခန်းထောင့် ဘုရားစင်အောက်က လူမိုက်တန်းစီးလည်း သူခိုးမိသားစုဝင်ကို ဒေါသထွက်ပြီး ဆဲဆိုပါတော့တယ်။ အချုပ်စောင့်ရဲတွေ ပြေးလာပြီး အချုပ်ခန်းကို အပြင်ကနေ တုတ်နဲ့ရိုက်ပြီး မဆူအောင် ထိန်းတယ်။ အချုပ်သား အားလုံးနီးပါး ဧည့်တွေ့ရာ အခန်းထောင့်မှာ စုပြုံပြီး အထဲနဲ့အပြင် ရန်ဖြစ်ကြပါတော့တယ်။

အချုပ်ဆူပူမှုဖြစ်တော့ ညနေ ၃ နာရီထိုးပါပြီ။ စခန်းထဲက ရဲတွေ ဝီစီမှုတ်ပြီး အချုပ်ဆောင်ဘက် ပြေးလာကြသလို သံချောင်းခေါက်သံ အဆက်မပြတ် ကြားလိုက်ရပါတယ်။ အပြင်ကနေ တုတ်နဲ့ လှမ်းရိုက်နေတဲ့ ရဲကို လက်လျှိုပြီး လှမ်းလိမ်ဆွဲထားတဲ့ လူမိုက်တန်းစီးနဲ့ အချုပ်သား ၂ ဦးကို ရဲအင်အားသုံးပြီး အချုပ်အပြင် ခေါ်ထုတ်သွားကြပါတယ်။ မျိုးကြီးကတော့ အမှုစစ်အခန်းထဲ ထပ်ရောက်သွားပြီး ရိုက်နှက်ခံခဲ့ရပါတယ်။

ယောကျ်ားလေးအချုပ်ခန်းကတော့ ဒီဖြစ်စဉ်ကြောင့် အချုပ်သားအားလုံး ၂ ရက်တိတိ နိုင်ငံတော်ရဲ့ အခမဲ့ထမင်း မရကြသလို ဧည့်တွေ့ချိန် မရှိကြပါ။ မျိုးကြီး အချုပ်ထဲရောက်တာ ၁ လလောက် ရှိပါပြီ။ အမှုတတွဲတည်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို အင်းစိန်ထောင် ပြောင်းလိုက်ရပါပြီ။

မျိုးကြီး ဖမ်းပေးခဲ့တဲ့ ဆိုင်ကယ်သူခိုးကတော့ အချုပ်ထဲ မရောက်လာသလို ရဲစခန်းတောင် မရောက်လိုက်ဘဲ ဆေးရုံကနေ ခံဝန်နဲ့ ဆင်းသွားတယ်လို့ ကြားလိုက်မိပါတယ်။ မျိုးကြီးကတော့ အချုပ်ထဲ စွပ်စွဲချက်နဲ့ ဆက်နေနေရပါတယ်။

မှတ်မိသလောက် ၄ လအတွင်း အချုပ်ဆူချိန် အမှုစစ်ရုံကလွဲလို့ နိုင်ငံသားကတ်အတု၊ အစစ် ကိစ္စ စွပ်စွဲချက်မှန်သမျှ တခါမှ ခေါ်မစစ်သလို ဧည့်တွေ့ခွင့်လည်း မပေးကြပါဘူး။

၂၀၂၂ မိုးနှောင်းကာလ ရောက်ပါပြီ။ ရွာနေတဲ့ မိုးပေါက်တွေကို သံဇကာကြားက မြင်ခဲ့ရပေမဲ့ အချုပ်ကထွက်ချိန်မှာ ပထမဆုံး ပြင်ပမှာ ထိခွင့်ရခဲ့ပါတယ်။ ‌အချုပ်နဲ့ ထောင်မှာ အယူအဆ ရှိတယ်။ ပြန်လာခဲ့မယ်လို့ မတွေးရ၊ မပြောရသလို နောက်ပြန်လှည့်ကြတာမျိုးလည်း မလုပ်ရဘူး။

သဘောကောင်းတဲ့ မျိုးကြီး၊ ဒုက္ခိတအဒေါ်နဲ့ အရွယ်မရောက်သေးတဲ့ တူမလေးတွေကို ရှာဖွေ ကျွေးမွေးနေတဲ့ မျိုးကြီး၊ သူခိုးကို ဖမ်းပေးမိလို့ အခြားအမှုတွေနဲ့ စွပ်စွဲဖမ်းဆီးခံရတဲ့ မျိုးကြီး။ မျိုးကြီးကတော့ တန်းစီးအဟောင်းနေသွားတဲ့ မွေ့ရာခပ်နွမ်းနွမ်းပေါ်မှာ ပုတီးတကုံး၊ ပရိတ်ကြီး ၁၁ သုတ် စာအုပ်နဲ့ ကျန်ရစ်ခဲ့တာ မှတ်မိပါတယ်။

သေချာသိလာတာတော့ မြန်မာနိုင်ငံရဲ့ အာဏာရှင်လက်အောက်က ဥပဒေမှန်သမျှက အသားအရောင်၊ လူမျိုး၊ ကိုးကွယ်ရာ၊ ဘာသာစကား၊ ပိုင်ဆိုင်မှု၊ အာဏာရှိမရှိပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခံရတာ မျက်မြင်ကိုယ်တွေ့ပါပဲ။

ဒီဖြစ်ရပ်အပြီး ၃ နှစ်ကျော်လာပါပြီ။ တော်လှန်ရေးနယ်မြေတနေရာမှာ ငလျင်ကြောင့် အပျက်အစီးနဲ့ ပြန်လည်တည်ဆောက်ရေးခရီးအဖြစ် ကူညီကယ်ဆယ်ဖို့ ရောက်ဖြစ်ခဲ့ပါတယ်။ ရောက်ရောက်ချင်း ၂ ရက်တာမှာ ခရီးပန်းတာရော မနက်ပိုင်း ကွင်းဆင်းရတာရောကြောင့် ခပ်စောစော အိပ်ဖြစ်ပါတယ်။

၃ ရက်မြောက် နှုတ်ဆက်ကြမယ့် ညမှာတော့ ရွာခံတွေနဲ့အတူ ‌တော်လှန်ရေးရဲဘော်တွေက ညစာစားဖို့ ဖိတ်ပါတယ်။ စားသောက်ပြီးလို့ စကားစမြည်ပြောအပြီး ခဏအကြာမှာ ခြံထောင့်ကနေ ဂစ်တာတလက်နဲ့ သွေးသစ္စာသီချင်းကို တမီးလ်အသံနဲ့ ရော့ခ်အသံရောပြီး ပိုင်ပိုင်နိုင်နိုင် ဆိုနေတဲ့ အသံထွက်ပေါ်လို့ လာပါတယ်။

မျိုးကြီးမှ မျိုးကြီး အစစ်ရယ်ပါ။ သူက အာဏာရှင်ကို ရရာနည်းနဲ့ တော်လှန်ဖို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တဦး ဖြစ်နေပါပြီ။ မြင်ခဲ့ရသလောက် တယောက်တည်းတော့ မဟုတ်တော့ပါဘူး။ စနေသမီး သူ့ဇနီးကပါ တော်လှန်ရေးနယ်မြေထဲ ရောက်ရှိပြီး ပါရမီလိုက်ဖြည့်နေတာပါ။

ကျနော် အချုပ်ကနေလွတ်ပြီး နောက်ရက်ပိုင်းမှာ သူ လွတ်လာခဲ့တာ ဖြစ်ပါတယ်။ လဝကရဲ့ စစ်ဆေးမှုအရ သူ့မှတ်ပုံတင်က အစစ်ဖြစ်နေတာကြောင့် လွတ်လာပေမဲ့ အာဏာရှင် ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးခဲ့တာ မတောင်းပန်တဲ့အပြင် လူရိုက်မှုနဲ့ပါ ခံဝန်ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။ နောက်မှ ထပ်သိရတာက ဆိုင်ကယ် ဓားထောက်ခိုးတဲ့ သူခိုးက တညင်းကုန်း စစ်သားစုဆောင်းရေးတပ်က တပ်ဖွဲ့ဝင် ဖြစ်နေတာကြောင့် အချုပ်မကျသလို ဖမ်းဆီးပေးသူ မျိုးကြီးက ကံခေခဲ့တာ ဖြစ်ပါတယ်။

မျိုးကြီး ပြန်လွတ်လာပေမဲ့ ရပ်ကွက်လူကြီးတွေပါတဲ့ ပြည်သူ့စစ်အဖွဲ့က မကြာခဏ ရုံးခန်းခေါ် စစ်ဆေး ရိုက်နှက်တာတွေ မခံနိုင်တော့တာကြောင့် လွတ်မြောက်ရာ တော်လှန်ရေးနယ်မြေကို ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိတော့ မျိုးကြီးနဲ့ CDM သူနာပြုတဦးဖြစ်တဲ့ သူ့ဇနီးက ဆေးတပ်ဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ကျနော် မပြန်ခင်မှာ နှစ်ခါသုံးခါ လာလာပြောပါတယ်။ “ရန်ကုန်မှာ ပြန်ဆုံကြမယ်။ ရွှေတိဂုံဘုရား ဖူးချင်တယ်။ ပြန်ရောက်ရင် ဆေးဆိုင်ကလေး ဖွင့်ချင်တယ်”။

ကြည်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024