
အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်မှာ အခမ်းအနားတခု ကျင်းပနေချိန် အပြင်ဘက်မှာ အစ္စရေးသံရုံးဝန်ထမ်း ၂ ယောက် ပစ်သတ်ခံခဲ့ရပါတယ်။
မေ ၂၁ ရက် ညပိုင်းက ပြတိုက်နားမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားတယောက်၊ အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး စုံတွဲဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
ကျူးလွန်တယ်လို့ သံသယရှိသူဟာ အသက် ၃၀ အရွယ် အီးလီးယပ်စ် ရိုဒရီဂွက်ဇ် ဖြစ်ပြီး ထိန်းသိမ်းစစ်မေးနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးသွားစဉ်မှာ “ပါလက်စတိုင်း လွတ်မြောက်ပါစေ၊ ပါလက်စတိုင်း လွတ်မြောက်ပါစေ” လို့ အဲဒီလူက ကြွေးကြော်သွားကြောင်း ဝါရှင်တန်ရဲမှူး ပမ်မလာ စမစ်က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီ ဒန်နွတ်ကတော့ အခုပစ်ခတ်မှုဟာ ဂျူးဆန့်ကျင်ရေး အကြမ်းဖက်ဝါဒရဲ့ ယုတ်မာတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
ဝန်ထမ်း ၂ ယောက်ကို အနီးကပ် ပစ်သတ်သွားတာဖြစ်ပြီး တုန်လှုပ်စရာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆာအားက ပြောပါတယ်။
Source: Reuters