
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဇုက္ကနိကျေးရွာမှာ နေထိုင်သူ ၂ ယောက် ဗို့အားမြှင့်ကျင်စက် အသုံးပြု ငါးဖမ်းထွက်ရာက အဆိုပါကျင်စက်နဲ့ ထိမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မေ ၂၀ ရက် ည ၇ နာရီကျော်မှာ ကျေးရွာအနီးက ချောင်းမှာ ငါးရှာဖွေဖို့ သွားရောက်စဥ် ကျင်စက်ခလုတ် ဖွင့်ထားရာကနေ ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဇုက္ကနီကျေးရွာနေထိုင်သူတယောက်က “မေလ ၂၀ ရက်နေ့ ညပိုင်းက ငါးကျင်စက် တို့ဖို့ ဆိုပြီး ထွက်သွားတာ မိုးလင်းတဲ့အထိ ပြန်မလာလို့ မိသားစုက လိုက်ရှာတာ မေလ ၂၁ ရက်နေ့ မနက် ၇ နာရီကျော်လောက်ကျတော့ ရွာအနောက်ဘက် လယ်ကွင်းထဲမှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရပြီး ကျင်စက်ကနေ ဓာတ်လိုက်ပြီး သေဆုံးခဲ့တယ်ဆိုတာ သိရတယ်” လို့ ပြောပါတယ်။
အဆိုပါဒေသအတွင်း ငါးဖမ်းရာမှာ ကျင်စက်တွေအသုံးပြုတဲ့သူများပြီး ခုသေဆုံးခဲ့ရတဲ့ ကိုထွန်းဦးနဲ့ ကိုထက်ကျော်တို့ အသုံးပြုတဲ့ ကျင်စက်က ဗို့အား ၆၈၀၀ W ရှိခဲ့ပြီး ကျင်စက်မှာ ပြုလုပ်ထားတဲ့ အဖွင့်အပိတ်ခလုတ်ကို ဖွင့်ထားမိရာကနေ ဓာတ်လိုက်သေဆုံးခဲတာလို့ သူက ဆက်ပြောပါတယ်။
ငါးဖမ်းကျင်စက်နဲ့ ငါးရှာဖွေနေတဲ့ ဒေသခံတယောက်ကလည်း “ကျနော် ကျင်စက်အသုံးပြုပြီး ငါးဖမ်းလာတာ ကြာပြီ၊ ခုလိုမဖြစ်ဖူးဘူး။ သူတို့က အားအရမ်းပြင်းတဲ့ ဘက်ထရီအိုး အသုံးပြုပြီး လယ်ကွင်းထဲက ရေကလည်း စိုနေတော့ အမှုမဲ့ အမှတ်မဲ့ဖြစ်ပြီး ခုလိုဖြစ်သွားတာ” လို့ ပြောပါတယ်။
ကျင်စက်နဲ့ ငါးရှာထွက်ရင်း ကျင်စက်တို့မိလို့ သေဆုံးသူ ၂ ယောက်ကို နယ်မြေခံရဲတပ်ဖွဲ့က ဒုရဲမှူး ဝင်းနိုင်ထွန်းက သေမှုသေခင်းဖွင့်ကာ မော်လမြိုင်ကျွန်းမြို့ရှိ ခုတင် ၁၀၀ ဆေးရုံကို သယ်ယူသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။