
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးရှောင်နေကြတဲ့ ပြည်သူ ၁,၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။
မေ ၁၇ ရက်ကစပြီး ဆောင်းပြောင်းကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားတဲ့အတွက် ဒေသခံတွေ စစ်ဘေးရှောင်ကြရတာပါ။
စစ်ဘေးရှောင် အမျိုးသမီးတယောက်က “တိုက်ပွဲက ပြင်းထန်နေဆဲပါ။ လက်နက်ကြီးသံတွေ ဆက်တိုက် သေနတ်သံတွေလည်း ဆက်တိုက်၊ ရွာရှိဒေသခံတွေ မေလ ၂၀ ရက်နေ့ မနက်ပိုင်း ရွှေ့ပြောင်းနိုင်ခဲ့ကြပါတယ်။ တိုက်ပွဲကြောင့် စစ်ရှောင်ရတဲ့ လူဦးရေ ၁,၅၀၀ ကျော် ရှိပါတယ်။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး မေ ၂၀ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၄ ကြိမ် ကြဲချသွားတယ်လို့ သိရပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ကျနော်တို့က လူမျိုးကိုတိုက်တာမျိုး မဟုတ်ဘူး။ စစ်အာဏာရှင်ကို တိုက်တာပါ၊ တိုက်ပွဲအခြေအနေကတော့ ပြောလို့မရသေးပါဘူး” လို့ ပြောပါတယ်။
ဆောင်းပြောင်းကျေးရွာ ဒေသခံတွေက ကောင်ဗာရွာ၊ ထီဗိ၊ လူးဖုဲင်ခြင်း၊ နန်းထာ၊ ပင်ခွန်၊ တလာပဲင်ရွာနဲ့ အသိမိတ်ဆွေတချို့ရဲ့ နေအိမ်တွေမှာ စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရပြီး အခုနှစ် မေလထဲမှာ ထိတွေ့တိုက်ပွဲ ထပ်ဖြစ်တာကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။