
ချင်းညီနောင်တပ်ဖွဲ့က ဖွင့်လှစ်မယ့် စနိုက်ပါသင်တန်းအတွက် သင်တန်းတက်ရောက်လိုကြတဲ့ တပ်သားသစ်တွေကို ဖိတ်ခေါ်နေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNO/CNDF) က မေ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
CNO/CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “သင်တန်းကာလကို ၂ လ သတ်မှတ်ထားပါတယ်။ ကျနော်တို့ စိုးမိုးနယ်မြေထဲမှာ ဖွင့်လှစ်သွားမှာပါ။ လောလောဆယ်ဆယ်တော့ လူဦးရေ ကန့်သတ်ထားတာ မရှိသေးပါဘူး။ စိတ်ပါဝင်စားပြီး သင်တန်းတက်ရောက်လိုသူတွေ ကြိုတင်စုံစမ်းပြီး စာရင်းပေးသွင်းနိုင်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါသင်တန်းကို ဇွန် ၉ ရက်ကနေ သြဂုတ် ၉ ရက်အထိ ၂ လကြာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ချင်းညီနောင်ရဲဘော်တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့ရယ်နဲ့ နောက်တခုက တော်လှန်ရေးမှာ ပါဝင်နေပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးရဲဘော် အားလုံးအတွက် ရည်ရွယ်ဖွင့်လှစ်ရတာဖြစ်ပါတယ်” လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိတဲ့ ဆလိုင်းတင်မီ က DVB ကို ပြောပါတယ်။
CNO/CNDF က ဖွင့်လှစ်မယ့် စနိုက်ပါသင်တန်းကို တက်ရောက်လိုကြသူတွေအနေနဲ့လည်း စစ်ဂနယ်နံပါတ် +918798798312 ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းကာ ကြိုတင်စာရင်း ပေးသွင်းနိုင်တယ်လို့လည်း သူက ပြောပါတယ်။
အခုဖွင့်လှစ်တဲ့ စနိုက်ပါသင်တန်း ပြီးဆုံးတဲ့နောက်ပိုင်းမှာလည်း ဒရုန်းသင်တန်းတွေ ထပ်မံ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ CNO/CNDF ဆီကနေ သိရပါတယ်။