
အိန္ဒိယနဲ့ ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို မေ ၂၁ ရက်မှာ ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ ရခိုင်ကုန်သည်တွေဆီက သိရပါတယ်။
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို မေ ၁၆ ရက်မှာ လောင်တလိုင်ခရိုင် မြေအခွန် ဦးစီးဌာနက ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ အာရက္ခတပ်တော်၊ အိန္ဒိယအခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA)၊ အိန္ဒိယနိုင်ငံက စီးပွားရေးသမားတွေနဲ့ ကားသမားတွေရဲ့ ညှိနှိုင်းမှုတွေကြောင့် ပြန်လည်ဖွင့်ပေးလိုက်တာလို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“အိန္ဒိယ-ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းကတော့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြန်ဖွင့်လိုက်ပြီ။ တရားဝင်တော့ မဟုတ်သေးဘူး။ လောလောဆယ် နားလည်မှုနဲ့ ပြန်ဖွင့်လိုက်တဲ့ သဘော။ အခြေအနေကတော့ ကောင်းလာမယ်လို့ ထင်တယ်။ ကုန်စည်တွေကတော့ သယ်ယူလို့ရနေပြီ” လို့ ပြောပါတယ်။
အိန္ဒိယ-ပါကစ္စတန် အရေးအခင်းကို အကြောင်းပြပြီးတော့ ပြည်တွင်းမှာ စားနပ်ရိက္ခာ ဖူလုံရန်ဆိုပြီး လောင်တလိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မြေအခွန်ဦးစီးဌာနက ပြည်တွင်းကုန်စည်တွေ ပြည်ပနိုင်ငံတွေကို မရောင်းဖို့ တားမြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ စားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီတွေအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို အဓိကအားထားနေကြရတာဖြစ်ပြီး အခုလို လမ်းကြောင်း ပြန်ဖွင့်ပေးလိုက်တာက ရခိုင်ပြည်အတွက် ကုန်စည်းစီးဆင်းမှုတွေ ပုံမှန်ပြန်ဖြစ်လာပြီလို့ နောက်ထပ်ကုန်သည်တယောက်က ပြောပါတယ်။
“ကုန်သွယ်ရေး လမ်းကြောင်းကတော့ ပြန်ဖွင့်လိုက်ပြီ။ ရခိုင်ပြည်သူတွေ ကုန်စည်စီးဆင်းမှု အားထားနေကြရတဲ့ လမ်းကြောင်းပြန်ဖွင့်လိုက်တော့ အကောင်းဆုံး ဖြစ်သွားတာပေါ့။ မဟုတ်ရင် ရခိုင်ပြည်မှာ ကုန်စည်ပြတ်တောက်မှုတွေ၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်သွားနိုင်တယ်လေ။ အခု ပြန်ဖွင့်ပေးတော့ ကုန်စည်စီးဆင်းမှုလည်း ပုံမှန်လို ပြန်ဖြစ်နေပြီ” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ကုန်စည်တွေကို အဓိက အားထားနေကြရတာလည်း ဖြစ်ပါတယ်။
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို ၂၀၂၄ ခုနှစ် အစောပိုင်းကာလကတည်းက ကုန်သွယ်မှု ပြုလုပ်နေကြတာဖြစ်ပြီး ယခင်ကလည်း လောင်တလိုင်ဘက်က မကြာခဏဆိုသလို လမ်းကြောင်းပိတ်ဆို့လေ့ ရှိပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားသောက်ကုန်စည်တွေ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က တင်သွင်းနေကြတာ ဖြစ်ပါတယ်။