
အင်ဒိုနီးရှားနိုင်ငံက အကြီးဆုံးနည်းပညာကုမ္ပဏီ GoTo နဲ့ အမေရိကန်စာရင်းဝင် အငှားယာဉ် ဝန်ဆောင်မှုကုမ္ပဏီ Grab တို့ကြား ပေါင်းစည်းမှုကို ပယ်ချဖို့ ရာနဲ့ချီတဲ့ အငှားယာဉ်မောင်းတွေ မေ ၂၀ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဂျကာတာမြို့က သမ္မတရုံး၊ လွှတ်တော်အဆောက်အအုံတွေနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ရုံးတို့နားမှာ ရာနဲ့ချီတဲ့ ယာဉ်မောင်းတွေက သူတို့ရဲ့ အမှတ်တံဆိပ် အစိမ်းရောင်အင်္ကျီနဲ့ ဦးထုပ်ဆောင်းထားပြီး ဆန္ဒပြခဲ့တာပါ။
ယာဉ်မောင်းတွေက အသံချဲ့စက်တွေသုံးပြီး မိန့်ခွန်းတွေ ပြောခဲ့ကြကာ တရားမျှတမှုမရှိဘဲ အမြတ်ထုတ်တဲ့ ကုမ္ပဏီမူဝါဒတွေလို့ ရေးထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်။
ယာဉ်မောင်းတွေဟာ ဂျကာတာမြို့ရဲ့ အဓိကလမ်းတချို့ကို ဖြတ်သန်းရင်း အလံတွေ ကိုင်ပြီး ယာဉ်တန်းနဲ့ ချီတက်ခဲ့ကြပါတယ်။
အငှားယာဉ်တွေနဲ့ အထူးသဖြင့် မော်တော်ဆိုင်ကယ် အငှားယာဉ်တွေဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ သယ်ယူပို့ဆောင်ရေးအခင်းအကျင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုပါ။ အထူးသဖြင့် မြို့ကြီးတွေမှာ စီးနင်းကြပါတယ်။
GoTo ရဲ့ ယူနစ်ဖြစ်တဲ့ ဂိုးဂျက်ခ် အပလီကေးရှင်းကို သုံးပြီး မော်တော်ဆိုင်ကယ် မောင်းနှင်သူ ၃ ဒသမ ၁ သန်းကျော်ရှိပြီး Grab ကတော့ အင်ဒိုနီးရှားဈေးကွက်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားပါတယ်။
Source: Reuters