
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေကို တိုးချဲ့သွားမှာဖြစ်ပြီး နောက်ထပ်နယ်မြေတွေကိုလည်း ချဲ့ထွင်သိမ်းပိုက်သွားမှာဖြစ်ကြောင်း အစ္စရေးစစ်တပ်ရဲ့ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး အိုင်ယယ်လ် ဇမီယာက မေ ၂၀ ရက်မှာ ပြောပါတယ်။
လတ်တလောရက်ပိုင်းမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ ဂါဇာကမ်းမြောင်ဒေသက ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ အဆင့်သစ်တခုကို လုပ်ဆောင်တော့မှာဖြစ်တယ်လို့ ဒုဗိုလ်ချုပ်ကြီး ဇမီယာက ပြောပါတယ်။
“အစ္စရေးက ဒီလိုလုပ်ဖို့ မရွေးချယ်ခဲ့ပေမဲ့ ဟားမတ်စ်တို့က မကြုံစဖူး ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် လုပ်ရပ်ကြောင့် အစ္စရေးနိုင်ငံတော် အမှောင်ကျခဲ့ရတယ်။ အခုက ဟားမတ်စ်တွေ သိသိသာသာ အားနည်းသွားပေမဲ့ ကံမကောင်းစွာဘဲ စစ်ဆင်ရေးက မပြီးသေးပါဘူး။ ဒါကြောင့် ကျနော်တို့က ဖွဲ့စည်းပုံအစီအစဥ်အတိုင်း လုပ်ဆောင်နေပြီး နောက်တဆင့်ကို ဆက်လှမ်းနေပြီ ဖြစ်ကြောင်းနဲ့ ဟားမတ်စ်ဟာ သူ့အန်တုမှုအတွက် တန်ရာတန်ကြေး ပေးဆပ်ရတော့မှာဖြစ်တယ်။ ကျနော်တို့ရဲ့ စစ်ရေးလုပ်ဆောင်မှုကို ချဲ့ထွင်ပြီး နောက်ထပ် နယ်မြေတွေကို သိမ်းပိုက်ဖို့၊ အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အအုံ တွေကို ရှင်းလင်းပြီး ဖျက်ဆီးပစ်ရမယ်။”
အစ္စရေးဟာ အင်္ဂါနေ့က လူနေထူထပ်တဲ့ နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ထပ်မံပြုလုပ်ခဲ့ပြီး တိုက်ခိုက်ခံရတဲ့ နေရာတွေထဲမှာ နေအိမ် ၂ လုံးကို ထိမှန်ခဲ့ကာ သေဆုံးသူ ၁၈ ယောက်ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်ခဲ့ပြီးတော့ စစ်ဘေးရှောင် အိုးမဲ့အိမ်မဲ့တွေ ခိုလှုံနေထိုင်ရာ စာသင်ကျောင်းတကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆေးမှူးတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ မကြုံစဘူး တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားတာကြောင့် ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်းယူနစ်မြို့နေ လူထုကို ကမ်းခြေဘက် ပြောင်းရွှေ့ကြဖို့ မေ ၁၉ ရက်မှာ သတိပေးခဲ့ပါတယ်။ အစ္စရေးစစ်တပ်က ဒီအပေါ် မှတ်ချက်မပေးခဲ့ပါဘူး။
အစ္စရေးက ဟားမတ်စ်ဟာ အရပ်ဖက် အဆောက်အအုံတွေကို အကာအကွယ်ယူဖို့ အသုံးချနေတာလို့ ပြောထားပြီး ဟားမတ်စ်ကလည်း ဒါကို ငြင်းဆိုနေတာ ဖြစ်ပါတယ်။
Source: Reuters