မန္တလေးတောင်ခြေ၊ စူဠာမုနိဘုရားအနီးရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းမှာ ညနေစာ လာရောက်လှူဒါန်းသူတွေ အပါအဝင် ကူညီလှူဒါန်းတာတွေ နည်းပါးသွားတဲ့အတွက် စခန်းနေ ငလျင်ဘေးသင့်မိသားစုတွေ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းလာတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကကူညီထားတဲ့ အဲဒီကယ်ဆယ်ရေးစခန်းတွေမှာ တဲအိမ်တလုံးကို မိသားစု ၂ စု နေကြရကာ အိမ်ထောင်စု ၄၀ ကျော် ရှိနေတာဖြစ်ပြီး ငလျင်ဘေးသင့်ပြီး အချိန် ၂ လလောက် ရှိနေချိန်မှာ လှူဒါန်းသူတွေ မရှိသလောက် နည်းပါးသွားတာ ဖြစ်ပါတယ်။
တရုတ်လူမှုရေးအသင်းဝင်တွေက ငွေသားတချို့ လာရောက်လှူဒါန်းတာ၊ ခြင်ဖမ်းကိရိယာ တပ်ဆင်တာ ပြုလုပ်ပေးထားပေမဲ့ ငလျင်ဘေးသင့် ဒေသခံတွေကတော့ အလုပ်အကိုင် ခက်ခဲနေဆဲဖြစ်လို့ မိသားစုဝင်တွေလည်း ဝင်ငွေမရှိ ကျပ်တည်းနေကြပါတယ်။
ဒေသခံတယောက်က “ခု ဒီရက်ပိုင်းတော့ အလှူရှင်တွေ မလာတော့ဘူး။ ညနေစာသမား မလာတော့ဘူး။ မနက်စာပဲ။ ဒီက အလှူငွေလေးတွေရတာနဲ့ ဝယ်ခြမ်းစားနေရတယ်” လို့ ပြောပါတယ်။
အဲဒီကယ်ဆယ်ရေးစခန်းမှာ လက်ရှိအချိန်ထိ နေအိမ်မပြုပြင်ရသေးတဲ့ ဘေးသင့်ပြည်သူတွေ အများအပြားရှိနေပြီး အိမ်ပြိုပျက်သွားတဲ့ အိမ်ငှားနေမိသားစုဝင်တွေမှာ ပြန်စရာအိမ်မရှိဘဲ နေအိမ်အငှားထပ်ရှာဖို့ အခက်အခဲတွေကလည်း ရှိနေပါတယ်။
ကယ်ဆယ်ရေးစခန်းရောက် ငလျင်ဘေးသင့်ပြည်သူတွေဟာ မြေကြီးပေါ်မှာ ဖြန့်ခင်းထားတဲ့ မိုးကာ ယာယီတဲအတွင်းမှာ နေထိုင်နေကြရပြီး မိုးသက်လေပြင်းကျတာ၊ နေပြင်းထန်စွာပူတာ စတဲ့ မန္တလေးမြို့ရဲ့ ပူပြင်းလှတဲ့ ရာသီဥတုဒဏ်ကို ခံစားနေကြရတယ်လို့ ငလျင်ဘေးသင့် ပြည်သူတယောက်က ပြောပါတယ်။
“ကျမတို့က အစီအစဉ်တော့ ဆွဲနေတယ်။ ပြန်နေလို့ ရတာတွေတော့ နေလို့ရပြီပေါ့။ ကျမတို့အနေနဲ့ကလည်း အိမ်ငှားရှာရဦးမှာ။ ပြုပြင်စရာရှိတဲ့သူဆို ပြောဆိုတော့ အိမ်ရှင်က သူတို့ အိမ်ပျက်စီးထားတော့ သူတို့ ကြည့်ဦးမယ်ဆိုတော့ ကျမတို့ အိမ်ငှားပြန်ရှာရဦးမယ်။ ခုခေတ်ကလည်း အိမ်ငှားက ကျပ်တည်းတယ်ပေါ့။ အိမ်ငှားလည်း ရှာနေဆဲပဲ။ ကိုယ်လည်း ဒီထဲနေရတာ အပူဒဏ်နဲ့ ကျန်းမာရေးနဲ့ဆိုတော့ သိပ်မညီညွတ်လို့။”
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရှိနိုင်ကြောင်း မကြာသေးခင်က ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
အဲဒီတန်ဖိုးထဲမှာ လူနေအဆောက်အအုံ ပျက်စီးမှုက အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါးရှိပြီး အခြေခံအဆောက်အအုံ ပျက်စီးမှုတန်ဖိုးက ၃ ဒသမ ၃၆ ဘီလီယံ တန်ဖိုးရှိပါတယ်။
အဲဒီပမာဏက စုစုပေါင်းပျက်စီးမှုတန်ဖိုးရဲ့ ၃၁ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
ငလျင်ကြောင့် တိုင်းနဲ့ပြည်နယ် ၆ ခုတို့မှာ မေ ၂၀ ရက်အထိ သေဆုံးသူ ၃,၇၂၈ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၇၉ ယောက် ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဟန်န