
မက္ကဆီကိုစီးတီးမြို့တော်ဝန် ကလာရာဘရူဂါဒါရဲ့ အကြီးတန်းလက်ထောက် ၂ ယောက်ဟာ တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်မှုတခုအတွင်း သေဆုံးသွားခဲ့ရကြောင်း မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က မေ ၂၀ ရက် နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး မက္ကဆီကိုစီးတီး မြို့လယ်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ မော်တော်ဆိုင်ကယ်စီး တိုက်ခိုက်သူတွေ ပါဝင်ကြောင်းလည်း ဆိုပါတယ်။
မက္ကဆီကိုစီးတီး အစိုးရအနေနဲ့ ဒီဖြစ်ရပ်အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှာမဟုတ်ဘဲ တာဝန်ရှိတဲ့သူတွေကို ဖမ်းဆီးပြီး တရားစီရင်သွားမှာပါလို့ ထုတ်ပြန်ခဲ့ကြောင်း မြို့တော်ဝန် ဘရူဂါဒါက သူ့ရဲ့ X လူမှုမီဒီယာမှာ မျှဝေထားပါတယ်။
သေဆုံးသူတွေဟာ မြို့တော်ဝန်ရဲ့ ကိုယ်ရေးကိုယ်တာအတွင်းဝန် ဆီမဲနာ ဂုဇ်မန်းနဲ့ အကြံပေးပုဂ္ဂိုလ် ဟိုဆေးမူညော့ဇ် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကနဦးသတင်းတွေအရ ကိုယ်ရေးအတွင်းဝန် ဂုဇ်မန်းဟာ အလုပ်ကို ကားမောင်းလာခဲ့ပြီး မက္ကဆီကိုစီးတီး မြို့လယ်ရှိ လူစည်ကားတဲ့ လမ်းတခုမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်ကို ခေါ်ဆောင်ဖို့ ရပ်တန့်ခဲ့ကြောင်း ဖက်ဒရယ်အစိုးရရှေ့နေရုံး တာဝန်ရှိသူတယောက်က ပြောပါတယ်။
အကြံပေးပုဂ္ဂိုလ် မူညော့ဇ် နားကို ဆိုင်ကယ်တစီးပေါ်မှ သေနတ်သမား ၂ ယောက်က ချဉ်းကပ်လာခဲ့ပြီး သူ့ကို လမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
အဲဒီနောက် တိုက်ခိုက်သူတွေဟာ ကားအတွင်းမှ ဂုဇ်မန်း ကိုလည်း အနည်းဆုံး ၄ ချက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ဒေသခံတွေလည်း တုန်လှုပ်သွားခဲ့ကြပါတယ်။
မက္ကဆီကိုရဲ့ နေရာအတော်များများမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ အဖြစ်များလာနေပြီး လူသတ်မှုတွေဟာ သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ မူးယစ်ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိတတ်ပြီးတော့ ပြည်တွင်းနိုင်ငံရေး ကိုယ်စားလှယ်လောင်း အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
မက္ကဆီကိုစီးတီးအစိုးရဟာ အရင်ကလည်း တိုက်ခိုက်မှုတွေကို ကြုံခဲ့ရဖူးပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက မက္ကဆီကိုစီးတီး ရဲချုပ်ဖြစ်ခဲ့တဲ့ လက်ရှိ ဖက်ဒရယ်လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖွတ်ချ်ဟာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတခုအတွင်း သေနတ်ပစ်ခံရကာ ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့သက်တော်စောင့် ၂ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် နိုင်ငံရဲ့ သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းတခုဖြစ်တဲ့ ဟာလစ္စကို မျိုးဆက်သစ်ဂိုဏ်းကို အပြစ်တင်ခဲ့ပါတယ်။
Source: Reuters