
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆင်တုံးမနွယ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
ဆင်တုံးမနွယ်ပင်ကို သိပ္ပံလို tinospora cordifolia လို့ခေါ်ပြီး အင်္ဂလိပ်လို Heart-leaved moonseed, giloy ခေါ်ပါတယ်။
ဆင်တုံးမနွယ်ပင်မှာ Terpenoid,Alkaloid, berberine ,choline, Lignan, Steroid, beta-sitosterol, Diterpenoid lactone, Sesquiterpenoid ,phenolic,Aliphatic compound,Glycoside,Lycopene,Carotene, Anthocyanin စတဲ့ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အဖျားကိုတိုက်ဖျက်ခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း၊ မကောင်းတဲ့ ကိုလက်စထရော လျော့ချပေးခြင်း၊ အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။
ဆင်တုံးမနွယ်ပင်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပြီး ဆဲလ်များကို ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးကာ ဓာတ်ကြွင်းပစ္စည်းများကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ပြန်လည်နုပျိုစေစေတဲ့အပြင် အသည်းနဲ့ ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းဖြင့် ကျန်းမာသန်စွမ်းစေပါတယ်။
ဆင်တုံးမနွယ်ဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်အပင်ဖြစ်ပြီး သွေးဥဆဲလ်အရေအတွက်ကို တိုးမြင့်စေပြီး သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ လက္ခဏာများကို သက်သာစေပါတယ်။ ကိုယ်ခံစွမ်းအားကို မြင့်တက်စေကာ ရောဂါကူးစက်မှုကို တိုက်ဖျက်ပေးပြီး နာလန်ထမြန်စေပါတယ်။
ဆီးဖြူသီးမှုန့်နဲ့ ဆင်တုံးမနွယ်မှုန့် ဆတူရောစပ်ပြီး တခါသောက် ကော်ဖီ ၁ ဇွန်းကို ပုံမှန်စားသုံးပေးခြင်းဖြင့် ဝမ်းလျှောခြင်း၊ အူလမ်းကြောင်းရောင်ခြင်း၊ ပျို့အန်ခြင်းနဲ့ အက်စစ်ဓာတ်များခြင်းစတဲ့ အစာလမ်းကြောင်း ပြဿနာအားလုံးကို တားဆီးပေးပါတယ်။
ဆင်တုံးမနွယ်မှာ ဆီးချိုဆေး metformin နဲ့အလားတူအလုပ်လုပ်တဲ့ alkaloid ဓာတ်ပေါင်း berberine ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်းအပြင် မကောင်းတဲ့ သွေးတွင်းအဆီဓာတ်နဲ့ သွေးပေါင်ချိန်ကို လျှော့ချပေးပါတယ်။ ဆင်တုံးမနွယ်အမှုန့် ကော်ဖီဇွန်း ၂ ဇွန်းကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ဆီးချိုရောဂါ နဲ့ ကျောက်ကပ်ဆိုင်ရာ ပြဿနာများများကို သက်သာစေပါတယ်။
ဆင်တုံးမနွယ်မှာပါဝင်တဲ့ ရောင်ရမ်းမှုဆန့်ကျင်ခြင်းနဲ့ အဆစ်ရောင်ဆန့်ကျင်ဂုဏ်သတ္တိများက အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ အဆစ်နာကျင်ခြင်းကို သက်သာစေတဲ့အပြင် အဆစ်များမှ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အဆစ်တစ်သျှူးများကို အားကောင်းစေပြီး အဆစ်များကို သက်သောင့်သက်သာဖြစ်စေကာ လှုပ်ရှားရလွယ်ကူစေပါတယ်။ ဂေါက်ရောဂါအတွက် ဆင်တုံးမနွယ်မှုန့် ကော်ဖီ ၁ ဇွန်းကို ကြက်ဆူဆီ ကော်ဖီ ၁ ဇွန်း နဲ့တွဲပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေသည်။
ဆင်တုံးမနွယ်ဟာ ဇီဝဖြစ်ပျက်မှုကို ထိန်းညှိပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ ကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေပါတယ်။ ဆင်တုံးမနွယ်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ညအိပ်ချိန် ပုံမှန် သောက်သုံးပေးနိုင်ပါတယ်။
ဆင်တုံးမနွယ်မှုန့်နဲ့ ထန်းလျက်ဆတူထည့်ပြီး ယိုပြုလုပ်ကာ တခါစား ကော်ဖီဇွန်း ၁-၂ ဇွန်း သောက်သုံးပေးခြင်းက ဝမ်းချုပ်တာကို သက်သာစေပြီး လိပ်ခေါင်းရောဂါကို ကာကွယ်ပေးပါတယ်။
ဆင်တုံးမနွယ်ပြုတ်ရည် ဟင်းစားဇွန်း ၁ ဇွန်းကို နွားနို့နဲ့ သောက်ပေးခြင်းဖြင့် နို့ထွက်အားကောင်းစေပါတယ်။
အန်ခြင်း၊ ရင်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ် ရောင်ရမ်းခြင်း တို့အတွက် ဆင်တုံးမနွယ်ပင်စည်ကို ရေမှာ တည စိမ်ပြီး တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အအေးမိ နှာစေး ချောင်းဆိုး ဖျားနာခြင်း ကိုယ်ပူခြင်းများမှာ ဆင်တုံးမနွယ်မှုန့်ကို ချင်းမှုန့်၊ နနွင်းမှုန့် ဆတူစပ်ပြီး တခါသောက် ကော်ဖီ ၁ ဇွန်းကို တနေ့၁-၂ ကြိမ် ရေနွေး နဲ့ သောက်သုံးပေးနိုင်ပါတယ်။
ဆင်တုံးမနွယ်ပင်ဟာ ရောင်ရမ်းမှု ဆန့်ကျင်ဂုဏ်သတ္တိနဲ့ ပိုးသတ်နိုင်သော ဂုဏ်သတ္တိများသည် ခန္ဓာကိုယ်အတွင်းရှိ သွေးဥများ အရေအတွက်ကို တိုးမြင့်စေပြီး ခုခံအားစနစ်ကို မြှင့်တင်ခြင်းဖြင့် သွေးလွန်တုပ်ကွေးကို ကုသရာမှာ အထောက်အကူဖြစ်စေပါတယ်။ သွေးလွန်တုပ်ကွေးလူနာများ ဆင်တုံးမနွယ် သတ္တုရည်ကို တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ဇီရာရွက်သတ္တုရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၃-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဆင်တုံးမနွယ်ပင်စည်၅ ကျပ်သားနဲ့ ဂျင်းခြောက် လက်တဆစ်ခန့်ကို ရေ ၁လီတာ ထည့်ပါ။ တဝက်ကျန်တဲ့အထိ ပြုတ်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းက အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။ ဆင်တုံးမနွယ်ပင်စည်ပြုတ်ရည် ဟင်းစားဇွန်း ၁ ဇွန်း ၊ ဆီဖြူသီးမှုန့် ကော်ဖီဇွန်းဝက်၊ကြက်ဆူဆီ ကော်ဖီဇွန်း ၁ ဇွန်း ကို ရောစပ်ပြီး တနေ့ ၂ ကြိမ် သောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ယူရစ်အက်ဆစ်ကို လျော့ကျစေပါတယ်။
ဆင်တုံးမနွယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ Lutein ဓာတ်ပေါင်းများ ပေါကြွယ်ဝစွာ ပါ၀င်လို့ မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အမြင်အာရုံအားနည်းချို့ယွင်းခြင်းများအတွက် ဆင်တုံးမနွယ်မှုန့်နဲ့ တြိဖလ(ဆီးဖြူ-ဖန်ခါး-သစ်ဆိမ့်)မှုန့်ကို ဆတူရောစပ်ပြီး တခါသောက် ကော်ဖီ ၁ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်းထည့်ကာ တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။ ဆင်တုံးမနွယ်အရွက်ပြုတ်ရည်ကို အအေးခံကာ မျက်လုံးကို လိမ်းပေးနိုင်ပါတယ်။
ဆင်တုံးမနွယ်ပင်စည်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခန္ဓာကိုယ်အတွင်း ဓာတ်ကြွင်းပစ္စည်းများကို တိုက်ထုတ်ပြီး အရေပြားဆဲလ်များကို ပြန်လည်မွေးဖွားကာ အရေပြားကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် အိုမင်းရင့်ရော်မှုကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါ၀င်တာကြောင့် အရေးအကြောင်းများနဲ့ ညိုမဲကွက်များ ဖြစ်ပွားခြင်းကို လျော့ပါးစေပါတယ်။ ဆင်တုံးမနွယ်ဟာ အေးမြမှုနဲ့ သဘာဝဓာတ်ညှိဆေး ဂုဏ်သတ္တိများရှိတာကြောင့် အရေပြားယားယံခြင်းကို သက်သာစေပြီး ကျန်းမာတောက်ပတဲ့ အသားအရေကို မြှင့်တင်ပေးပါတယ်။ ဆင်တုံးမနွယ်ကို နေ့စဉ်စားသုံးခြင်းဖြင့် အရေပြားပေါ်ရှိ အဖုများနဲ့ ဝက်ခြံများကို သက်သာစေပါတယ်။
ဆင်တုံးမနွယ်ဟာ အသည်းကို အားကောင်းစေပြီး အသည်းတစ်သျှူးများ ကျန်းမာခြင်းနဲ့ အဆိပ်အတောက်များကို ဖယ်ရှားရာမှာ အသည်းရဲ့ သဘာဝစွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ ဆင်တုံးမနွယ်ပင်စည်ကို ရေမှာ တညစိမ်ပြီး နံနက်မှာ ရေနွေးကြမ်းပန်းကန်တခွက်စာ သောက်ပေးနိုင်ပါတယ်။
ဆင်တုံးမနွယ်မှုန့် ကော်ဖီ ၁ ဇွန်းကို နို့တခွက်နဲ့ ညအိပ်ချိန် သောက်သုံးပေးခြင်းဖြင့် မျိုးဆက်ပွားကျန်းမာရေးကို တိုးတက်စေတဲ့အပြင် ဆင်တုံးမနွယ်ရဲ့အာဟာရနဲ့ အိပ်ပျော်စေတဲ့ အာနိသင်များက အာရုံကြောစနစ်ကို အားကောင်းစေပြီး စိတ်ဖိစီးမှုမှ ကာကွယ်ပေးကာ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
ဆင်တုံးမနွယ်မှုန့် တနေ့ ကော်ဖီဇွန်း ၁-၂ ဇွန်း (သို့မဟုတ်) ဆင်တုံးမနွယ်သတ္တုရည် ကော်ဖီဇွန်း ၃ ဇွန်းခန့်ကို ရေပမာဏ ဆတူနဲ့ ရောစပ်ပြီး မနက်ပိုင်း အစာမရှိချိန် တနေ ၁ ကြိမ်(သို့မဟုတ်) ဆင်တုံးမနွယ်ပြုတ်ရည် တနေ့ ရေနွေးကြမ်းပန်းကန် ၁ ခွက် သောက်သုံးပေးခြင်းဖြင့် ခုခံအားကိုတိုးဆက်စေခြင်း၊ ရာသီပေါ်ရောဂါများကူးစက်ခြင်းကို ခံနိုင်ရည်ရှိခြင်း၊ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အဆုတ်ကို အားကောင်းစေခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆစ်ရောင်၊ နာတာရှည်ရောဂါများ နဲ့ လိပ်ခေါင်းရောဂါတို့ကို ကာကွယ်ပေးခြင်း စတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။
ဆင်တုံးမနွယ်ကို အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းကြောင့် ဝမ်းပျက်ခြင်း၊ သွေးတွင်းသကြားဓာတ်နည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ဆင်တုံးမနွယ်ဟာ ကိုယ်ခံအားစနစ်ကို လွန်ကဲစွာလှုံ့ဆော်နိုင်ပြီး အချို့သောကျန်းမာတဲ့ဆဲလ်များကို တိုက်ခိုက်စေနိုင်တာကြောင့် ခုခံအားဖောက်ပြန်တဲ့ရောဂါရှိသူများ ရှောင်ကြဉ်သင့်ပါတယ်။ ဆင်တုံးမနွယ်နဲ့ ဓာတ်မတည့်သူများ ဆင်တုံးမနွယ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ ဆင်တုံးမနွယ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။