
ယူကရိန်းမှာ မော်စကိုရဲ့ ကျူးကျော်စစ်ပွဲကို အဆုံးသတ်ဖို့ တွန်းအားပေးမှု တစိတ်တပိုင်းအဖြစ် ယူကရိန်း၊ ရုရှား၊ အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ဗြိတိန်တို့အကြား အဆင့်မြင့် အစည်းအဝေးတခု ကျင်းပဖို့ စဉ်းစားနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၁၉ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တယ်လီဖုန်း ၂ ကြိမ် ခေါ်ဆိုခဲ့ပြီးနောက် ကိယက်ဗ်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ယူကရိန်းခေါင်းဆောင်က တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် အဲဒီအစည်းအဝေး ဖြစ်လာနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ အစည်းအဝေးကို တူရကီ၊ ဗာတီကန် သို့မဟုတ် ဆွစ်ဇာလန်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဇလန်းစကီးက သူဟာ အမေရိကန်ခေါင်းဆောင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းမခေါ်ရသေးခင်မှာဘဲ ထရမ့်ပ်နဲ့ တယောက်ချင်း စကားပြောခဲ့ကြောင်း၊ အဲဒီနောက်မှ ပြင်သစ်၊ ဖင်လန်၊ ဂျာမနီ၊ အီတလီနဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ ပါ၀င်တဲ့ စကားဝိုင်းတခုကို ထပ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။
ပူတင်နဲ့ ဖုန်းပြောအပြီးမှာ ထရမ့်ပ်က ရုရှားနဲ့ ယူကရိန်းတို့ဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေကို ချက်ချင်းစတင်တော့မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဇလန်းစကီးက ထရမ့်ပ်နဲ့ သူ့ရဲ့ ကနဦး ဖုန်းခေါ်ဆိုမှုအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်ချက်နဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရေးအပြင် ယူကရိန်း မပါဝင်ဘဲ ရုရှားနဲ့ သဘောတူညီချက်တွေ မလုပ်သင့်တဲ့ ကိယက်ဗ်ရဲ့ မဟာမိတ်တွေရဲ့ အရေးပါမှုတွေကို အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဟာ အမေရိကန်ရဲ့ တိုက်တွန်းချက်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်က အစ္စတန်ဘူလ်မှာ တိုက်ရိုက် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲတွေဟာ ကာလအားဖြင့် ၄ နှစ်ထဲကို ရောက်လာပြီဖြစ်တဲ့ စစ်ပွဲအဆုံးသတ်ရေး အတွက် သူတို့ရဲ့ မျှော်မှန်းချက်က ဘယ်လောက်တောင် အလှမ်းဝေးနေတယ် ဆိုတာကို ပြနေတယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။
ဇလန်းစကီးက သူဟာ ရုရှားအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု အစီအစဉ်သစ်ကို ဥရောပကကြေညာဖို့ မျှော်လင့်ကြောင်း ပြောဆိုပြီး အကျယ်တဝင့် မပြောခဲ့ပါဘူး။
ရုရှားရဲ့ စစ်ရေးလိုအပ်ချက်အတွက် ဝင်ငွေကို လျှော့ချဖို့ ရုရှားရဲ့ ဘဏ်လုပ်ငန်းနဲ့ စွမ်းအင်ကဏ္ဍတွေကို ပိတ်ဆို့အရေးယူပေးဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။
အစ္စတန်ဘူလ်က ဆွေးနွေးပွဲတွေမှာ မူအရ သဘောတူညီထားတဲ့ အကျဉ်းသားများ လဲလှယ်ရေးဟာ ရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ်တွေအတွင်း ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဇလန်းစကီးက ပြောသွားပါတယ်။
Source: Reuters