Home
နိုင်ငံတကာ
ပီရူးရွှေတွင်းလုပ်သားများ ပြန်ပေးဆွဲ သတ်ဖြတ်ခံရပြီးနောက် ရွှေတူးဖော်မှု ဆိုင်းငံ့
DVB
·
May 6, 2025
Photo :Reuters

ပီရူးနိုင်ငံမြောက်ပိုင်း အန်ဒီယန်ဒေသမှာ တရားမဝင် မိုင်းတွင်းလုပ်သားတွေရဲ့ ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတဲ့ ရွှေတွင်းလုပ်သား ၁၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပြီးနောက် အဲဒီ ပါတက်ဇ်ခရိုင်မှာ ရွှေတူးတာတွေကို ရက်ပေါင်း ၃၀ ဆိုင်းငံ့လိုက်ကြောင်း ပီရူးသမ္မတ ဒီနာ ဘိုလွာတေးက မေ ၅ ရက် မနက်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ပီရူးအစိုးရဟာ အဲဒီနယ်မြေမှာ စစ်အခြေစိုက်စခန်းတခု ထူထောင်ပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို အကောင်အထည်ဖော်ဖို့လည်း စီစဉ်နေပါတယ်။

R&R ဒေသခံကုမ္ပဏီမှ အလုပ်သမား ၁၃ ယောက် ပြီးခဲ့တဲ့လက ပြန်ပေးဆွဲခံရပြီး ရက်အတော်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း အာဏာပိုင်တွေက မေ ၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့က ဆယ်ယူရရှိခဲ့ကြောင်း R&R နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ပိုဒေရိုဆာ ရွှေတူးဖော်ရေးကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

သိပ်မကြာသေးခင်ကလည်း ပါတက်ဇ်ခရိုင်မှာ ကန်ထရိုက်တာတွေနဲ့ လက်တူးမိုင်းလုပ်သားတွေ အပါအဝင် လူ ၄၀ နီးပါးဟာ ရာဇ၀တ်ဂိုဏ်းတွေရဲ့လက်ချက်နဲ့ အသတ်ခံခဲ့ရသေးတယ်လို့ ပိုဒေရိုဆာ ကုမ္ပဏီက ပြောပါတယ်။

ပါတက်ဇ်ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာထားပေမဲ့ လတ်တလော ပြန်ပေးဆွဲမှုနဲ့ နောက်ဆက်တွဲ လူသတ်ပွဲတွေလည်း ဖြစ်ပွားနေပြီး မိုင်းလုပ်သားတွေ အဆက်မပြတ် တိုက်ခိုက်ခံရမှုတွေကြောင့် ရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေကို ထူထူထပ်ထပ် ချထားပါတယ်။

၂၀၂၀ ခုနှစ်ကတည်းက တရားမဝင်မိုင်းလုပ်သားတွေဟာ ပိုဒေရိုဆာကုမ္ပဏီရဲ့ လုပ်ကွက်နေရာ အများအပြားကို သိမ်းပိုက်ခဲ့ပြီး ပိုဒေရိုဆာရဲ့ လုပ်ငန်းလည်ပတ် လုပ်ကိုင်မှုတွေကို အရင်တိုက်ခိုက်ခံရပါတယ်။

ပီရူး သတ္တုတွင်းနဲ့ စွမ်းအင်ဝန်ကြီး ဟော်ရ်ဟဲ မွန်တိုရိုက ရက်ပေါင်း ၃၀ ရွှေတူးဖော်ခြင်း ဆိုင်းငံ့မှုကို သက်တမ်းထပ်တိုးနိုင်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က ပြည်ထဲရေးဝန်ကြီးဌာနဟာ ဒေသတွင်းမှာ လက်ရွေးစင် ရဲအရာရှိတွေကို တပ်စွဲထားကြောင်း ထုတ်ပြန် ကြေညာထားပြီး ဒီရာဇဝတ်မှုဟာ အပြစ်ပေးမခံရဘဲ ပြီးသွားမှာ မဟုတ်ဘူးလို့လည်း အာမခံထားပါတယ်။

မေ ၅ ရက်မှာ သေဆုံး မိုင်းလုပ်သားတွေရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေဟာ သူတို့ချစ်ခင်ရသူတွေရဲ့ ရုပ်အလောင်းတွေကို အမြန်ပို့ဆောင်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

တရူဟီယိုမြို့မှာ လာလစ်ဘရိတ်တက် ဆေးဘက်ဆိုင်ရာ ဥပဒေအဖွဲ့က ရုပ်အလောင်း ၁၃ လောင်းထဲက ၃ လောင်းကိုတော့ သူတို့ဆွေမျိုးတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပီရူးသတင်းဌာန အန်ဒီနာက တနင်္လာနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024