
အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျထားတဲ့ မန္တလေးမြို့၊ ၈၄ လမ်း၊ ၂၇ x ၂၈ လမ်းကြားရှိ သမဝါယမဦးစီးဌာန အဆောက်အအုံအောက်ကနေ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ရှာဖွေကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီကနေ သိရပါတယ်။
ဧပြီ ၁၆ ရက် မနက် ၁၀ နာရီမှာ မြန်မာနိုင်ငံမီးသတ်ဌာနရဲ့ ကယ်ဆယ်ရေးအဖွဲ့၀င်တွေက အမျိုးသမီးရုပ်အလောင်းတလောင်းနဲ့ ၁၀ နာရီ ၃၈ မိနစ်မှာ အမျိုးသမီးရုပ်အလောင်းတလောင်း ရှာဖွေတွေ့ ရှိခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ထပ်တွေ့တာ ၂ လောင်းပါ။ အလောင်းတွေက ပုပ်နေပြီ။ လောလောဆယ်တော့ မိုးတွေလည်း ရွာထားတာကြောင့် ပြည်သူတွေ ကျန်းမာရေးကိုပဲ ဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
ဧပြီ ၁၅ ရက်မနေ့ နေ့လယ်ပိုင်းကလည်း ပြိုကျထားတဲ့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အဆောက်အအုံအောက်ကနေ အမျိုးသား တယောက်ရဲ့ ရုပ်အလောင်းနဲ့ အမျိုးသမီး တယောက်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ မန္တလေးမှာ မနေ့ ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် အောင်မြေသာစံမြို့နယ်ထဲမှာ ရှိတဲ့ ငလျင်ကယ်ဆယ်ရေးစခန်းက ယာယီတဲတွေ ကျိုးကျလွင့်ထွက်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေး ငလျင်ဒဏ်သင့် ဒေသခံတယောက်က “အပူပေါ် အဆင့်ဖြစ်နေတာ၊ ပြိုကျကုန်တဲ့ ယာယီတဲတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက အခုမနက်စောစောမှာ လာပြန်ပြင်ပေးသွားရှာပါတယ်။ ကျေးဇူးတင်တယ်” လို့ ပြောပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတဝန်းမှာ ဧပြီ ၁၆ ရက်အထိ သေဆုံးသူ ၅,၀၀၀ နီးပါးရှိလာပြီး မန္တလေးတိုင်းမှာ သေဆုံးသူ အများဆုံး ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။
ဒါ့အပြင် ဧပြီ ၁၅ ရက် ညနေပိုင်းက အင်အားပြင်း ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ဒဏ်ကြောင့် ငလျင်ဒဏ်ထိထားတဲ့ ၂၆ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားမှာရှိတဲ့ ၃ ထပ်တိုက်တလုံး ပြိုကျပျက်စီးခဲ့ပါတယ်