
အင်အားပြင်းငလျင်ဘေးဒဏ်ခံရတဲ့ မန္တလေးမြို့မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ကျုံးအနောက်ဘက်လမ်း ၂၆ လမ်း၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားရှိ ရီရှင်းဆေးရုံးသုံးပစ္စည်းအရောင်းဆိုင် မြေညီထပ် ငလျင်နောက်ဆက်တွဲ အခြေအနေကြောင့် ပြိုကျခဲ့ပါတယ်။
ဆေးရုံသုံးပစ္စည်းတွေကို သိုလှောင်ထားတဲ့ ၄ ထပ်အဆောက်အအုံဖြစ်ပြီး လူနေထိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးမှာ လူတွေသေဆုံးဒဏ်ရာရပြီး လူနေအိမ်တွေ၊ လမ်းတံတား၊ အဆောက်အအုံတွေ အမြောက်အမြား ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း ၁၆ ရက်အကြာ ဧပြီ ၁၃ ရက်အထိ ငလျင်ငယ်တွေ အကြိမ်ရေ ၄၀၀ နီးပါး ဆက်တိုက်လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။
မနေ့က ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာပဲ ဝမ်းတွင်းမြို့အနီးမှာ ပြင်းအားရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားခဲ့ပြီး အဲဒီငလျင်က ဧပြီ ၂ ရက်အထိ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေနောက်ပိုင်း ပြင်းအားအများဆုံး ငလျင်တခု ဖြစ်ခဲ့တယ်လို့ Myanmar Conflict Analysis Research Institute (M-CARI) ကထုတ်ပြန်ထားပါတယ်။