
အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲကနေ တရားဝင်မှု ရသွားနိုင်တာကြောင့် လာမယ့် ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လူထုအားလုံး ဝိုင်းဝန်းဆန့်ကျင်ကြဖို့ လိုတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ဒီနှစ် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ ရှိတာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမှတ်ပုံတင်တာကို မေလ ၉ ရက် နောက်ဆုံးထားပြီး လုပ်ဆောင်ကြဖို့ ထုတ်ပြန်လိုက်တဲ့အပေါ် အခုလို ပြောဆိုကြတာပါ။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကနေ တရားဝင်မှုရဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းက အာဏာသိမ်းစစ်တပ်ကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုနိုင်ရေးကို ကြိုးစားဆောင်ရွက်မှာ ဖြစ်တာကြောင့် အဲဒီရွေးကောက်ပွဲကို ပြည်သူအားလုံးက လက်သင့်မခံဖို့ လိုတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောပါတယ်။
ကျောင်းသားလက်ရုံးတပ်တော် အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေဟာ ဒီနှစ်ထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလည်ပတ်မှု အများအပြားရှိနေသေးတဲ့ မြန်မာပြည် အလယ်ပိုင်းဒေသတွေကို မဟာဗျူဟာမြောက် ထိန်းချုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ဖို့ရှိသလို အဲဒီဒေသတွေမှာ စစ်ကောင်စီက လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိအောင် ကြိုးစားဆောင်ရွက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပြီးတဲ့အချိန်ကတည်းက နိုင်ငံရေးလမ်းပြမြေပုံထဲမှာ ရွေးကောက်ပွဲ ကျင်းပပြီး တက်လာမယ့်အစိုးရကို အာဏာလွှဲပေးမယ်ဆိုတာကို ပြောထားတာ ကြောင့် ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင်ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်မှုကို ရအောင်ယူနိုင်တယ်လို့ ပါတီမှတ်ပုံတင် ဖျက်သိမ်းခံခဲ့ရတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးရှိန်းထွန်းက သုံးသပ်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ကို ထုတ်ပြန်ကြေညာပေမဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲမှာ အဆင်သင့်မဖြစ်သေးတဲ့ နိုင်ငံရေးပါတီတွေ ရှိသလို လုံခြုံရေးပိုင်းအရ တာဝန်ယူမှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေတွေကို မထုတ်ပြန်သေးတာကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်မှု မရှိသေးဘူးလို့ နိုင်ငံရေးပါတီတွေဘက်က ပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံတဝန်း မဲဆန္ဒနယ် ၁၁၀ မှာပဲ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ဆောင်ရွက်နေပြီး ပြည်သူ့လွှတ်တော်ကလွဲလို့ ကျန်လွှတ်တော်တွေကို အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။
ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၅၄ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီကသာ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်ကြမှာဖြစ်ပေမဲ့ ကျန်တဲ့ပါတီတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
အောင်သူ