ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ကျေးရွာအများစုဟာ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေ ပြိုကျ ပျက်စီးခဲ့ရပါတယ်။
နေအိမ်ပြိုကျပျက်စီးခဲ့ရသူတွေဟာ ကျန်ရှိနေသေးတဲ့ ဘုန်းကြီးကျောင်းတချို့နဲ့ ကုန်းမြေနေရာ တချို့မှာ ယာယီတဲထိုး နေကြရတာဖြစ်ပြီး ဧပြီ ၆ ရက်နဲ့ ၇ ရက်နောက်ပိုင်းမှာ မိုးရွာသွန်းမှုရှိနေကာ မိုးထပ်များလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဟဲရွာကျေးရွာ ဒေသခံတယောက်က “မိုးဖွဲဖွဲရွာတာ ရှိတယ်။ ဒီနေ့ကျတော့ မိုးရွာတာ မတွေ့ရဘူး၊ မိုးတိမ်တွေတော့ ရှိနေတယ်။ အိမ်ပြိုလဲသွားသူက ဘယ်လိုအခက်အခဲရှိလဲဆိုတော့ သူတို့အိမ်မှာက နေလို့မရတော့ အိမ်ရဲ့ဘေးပတ်လည် မြေကုန်းမှာ ယာယီတဲတွေ ဆောက်ပြီးတော့ အဲ့မှာပဲနေကြတယ်။ တချို့ကျတော့ ဘုန်းကြီးကျောင်းဘက်မှာ နေကြတယ်။ ဘုန်းကြီးကျောင်း အများစုကလည်း ယိုင်လဲပျက်စီးနေတော့လေ တချို့ရွာဆို လုံးဝပျက်စီးသွားတော့ နေလို့မရဘူး။ အဲ့တော့ ဘုန်းကြီးကျောင်းဆောက်ထားတဲ့ မြေပေါ်မှာပဲ မှီခိုနေကြရတယ်၊ တဲထိုးပြီးပေါ့” လို့ ပြောပါတယ်။
ခုလက်ရှိမှာ မိုးကာတဲအိမ်ကို နေထိုင်လို့ ဖြစ်ရုံလောက်ပဲ ဆောက်လုပ်နေထိုင်နေရတာ၊ စက်လှေပေါ်မှာပဲ နေထိုင်နေရတာတွေကြောင့် မိုးရွာပြီး လေတိုက်ရင် အဆင်မပြေဘူးလို့ ပြောပါတယ်။
ငလျင်ဒဏ်ခံပြီးတဲ့ဒေသတွေမှာ မိုးများလာနိုင်တဲ့ အခြေအနေတွေကိုလည်း သတိထားဖို့ မိုးလေဝသ ပညာရှင်တွေရဲ့ သတိပေးချက်တွေလည်း ရှိထားပါတယ်။
“ပြိုလဲသွားတဲ့အိမ်တွေကို အကုန်လုံးက အသစ်ကနေ ပြန်ဆောက်ရမှာဆိုတော့လေ အလှူရှင်များ အနေနဲ့ ကူညီလှူဒါန်းတဲ့အခါမှာ အိမ်ဆောက်ပစ္စည်းနဲ့ဖြစ်စေ၊ ငွေသားနဲ့ဖြစ်စေပေါ့၊ အဲ့လိုကူပေးတာက လုံးဝ အကျိုးထိရောက်မှု အရှိဆုံးလို့ အကြံပေးချင်ပါတယ်။ စားသောက်စရာ ပစ္စည်းတွေက သူတို့အတွက် လုံလောက်ပြီ ဖြစ်တဲ့အတွက် အိမ်ဆောက်ကိရိယာပစ္စည်းတွေက လုံးဝ အရေးကြီး လိုအပ်နေတဲ့အချက်လို့ ထင်မြင်ပါတယ်။”
နေအိမ်အနည်းငယ်ယိုင်လဲသွားသူတွေကတော့ သူတို့အိမ်တွေကို ပြန်လည်တည့်မတ်တာတွေ ရှိနေပြီး ပြန်လည်နေထိုင်ဖို့ အဆင်မပြေသူတွေကတော့ ယာယီတဲနဲ့ နေထိုင်နေကြတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ဒေသခံပြည်သူတွေအတွက် ဝါး၊ ထရံ၊ သွပ်၊ သံမှိုနဲ့ အိမ်ဆောက်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ပိုလိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အင်အားပြင်းငလျင်ကြောင့် အင်းလေးဒေသမှာ ပြည်သူ အယောက် ၁၀၀ နီးပါး သေဆုံးခဲ့ရပြီး နေအိမ် ၂,၀၀၀ ကျော်အထိ ပျက်စီးခဲ့ရကာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။