
မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား ၆ ယောက်အထိ ရှိလာပြီး ဒဏ်ရာရသူ ၁၃ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ အတည်ပြုချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဧပြီ ၈ ရက် မနက်အထိ ရထားတဲ့စာရင်းဖြစ်ပြီး ဘယ်နေရာမှာ သေဆုံးခဲ့တာလဲ ဆိုတာနဲ့ ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူ ၄,၀၀၀ ကျော် သေဆုံးခဲ့တာမှာ တရုတ်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါတယ်။
ငလျင်ကြောင့် နိုင်ငံခြားသား သေဆုံးမှု ဧပြီ ၄ ရက်အထိ ၅ ယောက်ရှိရာကနေ အခု ၆ ယောက်အထိ ထပ်တိုးလာတာဖြစ်ပြီး အားလုံးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။
အိမ်နီးချင်း တရုတ်နိုင်ငံဟာ မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး ငွေအား၊ လူအားနဲ့ အကူအညီပစ္စည်းတွေပါ လေကြောင်းကရော ကုန်းလမ်းကပါ အင်တိုက်အားတိုက် ထောက်ပံ့ပေးနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
တရုတ်အစိုးရက ပေးပို့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ ၅ သုတ်မြောက် အဖြစ် ဧပြီ ၈ ရက် မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေယာဉ်နဲ့ ရောက်ရှိလာတယ်လို့ တရုတ်နိုင်ငံပိုင် CGTN သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံကို ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ရောက်ရှိခဲ့တဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်တပ်သားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့တို့ကတော့ ကယ်ဆယ်ရေးတာဝန် ပြီးဆုံးလို့ တရုတ်လေတပ်ရဲ့ Y-20 လေယာဉ် ၄ စီးနဲ့ ဧပြီ ၉ ရက် ဒီနေ့မနက် နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။