
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးရုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်ပထွက်ခွာမယ့်သူတွေကို စိစစ်ခွင့်ပြုတဲ့ လုပ်ငန်းစဥ်တွေပါ နှောင့်နှေးကြန့်ကြာတာတွေ ရှိနေတယ်လို့ အေဂျင်စီ အသိုက်အဝန်းဆီက သိရပါတယ်။
အဲဒီဝန်ကြီးဌာနရုံး ထိခိုက်ပျက်စီးခဲ့ရတာကြောင့် အလုပ်သမားတွေကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးတာနဲ့ ပြည်ပထွက်ခွာခွင့် စိစစ်ခွင့်ပြုရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်တော့တာလို့ ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “တချို့အလုပ်သမားတွေဆို ထွက်ဖို့အတွက် ပြင်ဆင်ထားပြီးမှ ရက်ထပ်ရွှေ့ရတာမျိုး ဖြစ်ကုန်တာ။ အခုက ဘယ်တော့ထွက်ရမလဲဆိုတာ မှန်းမရတော့ဘူး။ ကိုယ်တွေလည်း ဘာမှလုပ်မရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီလလယ်ပိုင်းက OWIC ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ်ကို တလနီးပါး ရပ်နားခဲ့ရာကနေ မတ် ၂၀ ရက်ကစပြီး ပြန်ထုတ်ပေးခဲ့ကာ အဲဒီလုပ်ငန်းစဥ် ပြန်စပြီး ရက်ပိုင်းအကြာမှာပဲ ငလျင်လှုပ်ခတ်ခဲ့တာပါ။
ဒါ့ကြောင့် OWIC ကတ် ထုတ်ပေးမှု တလနီးပါးကြာ ရပ်ထားခဲ့လို့ ပြည်ပထွက်ဖို့ နှောင့်နှေးမှု ကြုံခဲ့ရတဲ့ အလုပ်သမားတွေအနေနဲ့ ငလျင်ဖြစ်ရပ်ကြောင့် ထပ်ပြီး ကြန့်ကြာမှု ရှိလာစေခဲ့တာလည်း ဖြစ်ပါတယ်။
ပြည်ပထွက် အလုပ်လုပ်ဖို့ စောင့်ဆိုင်းနေသူတယောက်က “ဘဝပျက်၊ သေဆုံးရတဲ့သူတွေထက် စာရင်တော့ တော်သေးတယ်ဆိုပေမဲ့ အခုလို မျှော်လင့်ချက်မဲ့သလို ဖြစ်လာတော့ စိတ်ပျက်မိတာတော့ အမှန်ပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ ရုံးအဆောက်အအုံ ဆိုးရွားစွာ ပျက်စီးခဲ့တာကြောင့် အဆောက်အအုံပြင်ပ မြေကွက်လပ်မှာ နေရာချပြီး ရုံးလုပ်ငန်းတွေကို လုပ်နိုင်သလောက် လုပ်ပေးနေရတယ်လို့ အဲဒီဝန်ကြီးဌာနက Non CDM ဝန်ထမ်းတယောက်က ဆိုပါတယ်။
“နိုင်သလောက်တော့ လုပ်နေတာရှိတယ်။ အရင်လောက်တော့ ရုံးလုပ်ငန်းတွေ မလုပ်နိုင်သေးဘူး။ ဒီအခြေအနေက ဘယ်လောက်ကြာမယ် မပြောနိုင်သေးဘူး။”
ပြည်ပထွက်မယ့် အလုပ်သမားတွေကို စိစစ်ဆောင်ရွက်ပေးနေတဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကတော့ လတ်တလော အခက်အခဲတွေကြောင့် စိစစ်ခွင့်ပြုရေး လုပ်ငန်းတွေကို တပတ်မှာ တကြိမ်ပဲ ဆောင်ရွက်ပေးနိုင်ဦးမယ်လို့ ကနဦး အသိပေးထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လအတွင်း ပြည်ပထွက်ခွာမယ့် အလုပ်သမား ၃,၂၀၀ ကျော်ကို စိစစ်ခွင့်ပြုပေးထားခဲ့တယ်လို့လည်း အဲဒီဌာနက ထုတ်ပြန်ထားပါတယ်။