
နော်ဝေနိုင်ငံဟာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ခရိုနာငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းနီးပါး) ကို ထပ်ဆောင်းထောက်ပံ့သွားမယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာ အရေးပေါ် အကူအညီတွေ အထူးတလည် လိုအပ်နေတဲ့အလျောက် လူသားချင်းစာနာတဲ့ တုံ့ပြန်မှုအဖြစ် အခုလိုမျိုး ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဧပြီ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြက်ခြေနီနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေတဆင့် နော်ဝေရဲ့ ထောက်ပံ့ငွေ ခရိုနာ သန်း ၃၀ ကို ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလိုမျိုး အတိမ်းအစောင်းမခံတဲ့ကာလမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ခိုလှုံစရာနေရာ၊ သန့်ရှင်းတဲ့ရေ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားလိုအပ်တဲ့အရာတွေအထိ ထောက်ပံ့ပေးဖို့ရှိကြောင်း သိရပါတယ်။
နော်ဝေဟာ ခရိုနာငွေ ၇၅ သန်း (ဒေါ်လာ ၇ သန်းနီးပါးကို) ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေ (CERF) အစီအစဉ်နဲ့ ကြက်ခြေနီရဲ့သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး ရန်ပုံငွေ (DREF) ကနေတဆင့် ငလျင်ကယ်ဆယ်ရေးအတွက် ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီရန်ပုံငွေ နှစ်ခုစလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို နော်ဝေနိုင်ငံက ထည့်ဝင်ထားတဲ့အလျောက် မြန်မာနိုင်ငံအတွက် အကူအညီပေးမှု စုစုပေါင်းဟာ ခရိုနာငွေ ၁၀၅ သန်း (ဒေါ်လာ ၉ ဒသမ ၈ သန်းအထိ) ရှိလာပြီဖြစ်ပါတယ်။
နော်ဝေ နိုင်ငံတကာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အော့စ်မန်းအောက်ခရပ်စ်က "စစ်အစိုးရကို ထပ်ပြီး အသိပေးလိုတာက ငလျင်ဘေးသင့်ဒေသတွေဆီ အတားအဆီးမရှိဘဲ သွားရောက်ကူညီခွင့်ပေးဖို့နဲ့ ကပ်ဘေးသင့်ပြည်သူတွေကို နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ ဒါမှမဟုတ် တခြားရန်လိုမှုတွေမရှိစေဖို့ အရေးကြီးပါတယ် " ဆိုပြီး သတိပေးခဲ့ပါတယ်။
တင်းမာမှုလျှော့ချရေးမှာ ပါဝင်ကြဖို့အတွက်လည်း အားလုံးကိုတိုက်တွန်းတယ်လို့လည်း နော်ဝေ ဝန်ကြီးက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံမှာရှိနှင့် ပြီးသား လူသားချင်းစာနာမှု အကျပ်အတည်းကို ငလျင်ကြောင့် ပိုမိုဆိုးရွားစေခဲ့ပါတယ်။
မတ် ၂၈ ရက် ငလျင်လှုပ်ခတ်မှုမတိုင်ခင် မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၀ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေဆဲ လက်နက်ကိုင်တော်လှန်ရေး ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ နေရပ် စွန့်ခွာထွက်ပြေးခဲ့ရသူ ၃ သန်းခွဲကျော်ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။