
ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ဧပြီ ၅ ရက် ည ၇ နာရီလောက်မှာ လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့လို့ ငလျင်ကြောင့် ယိုင်နဲ့နေတဲ့ အိမ်တချို့ ထပ်မံပြိုကျသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငလျင်ဒဏ်သင့်ပြီးကတည်းက လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပြီး ဧပြီ ၅ ရက် ညနေမှာ လျှပ်စစ်မီး ပြန်လည်ရရှိခဲ့ကာ မိုးရွာတဲ့အတွက် မီးကြိုးပေါက်တာတွေဖြစ်ခဲ့ပြီး ရပ်ကွက်တချို့က မီးပြန်ပျက်သွားတယ်လို့ ဆိုပါတယ်။
မိုးရွာသွားတဲ့အတွက် မြို့ထဲက ကျုံးဘေးနဲ့ ကားလမ်းဘေး စတဲ့နေရာတွေမှာ နေထိုင်နေရတဲ့ ပြည်သူတွေ ညအိပ်ဖို့အတွက် အခက်အခဲတွေ ကြုံခဲ့ကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျုံးဘေးမှာနေထိုင်တဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ဧပြီ ၅ ရက်နေ့မှာ စစ်ကောင်စီ တာဝန်ရှိသူတွေက မန္တလေးတောင်ခြေက သုဓမ္မာဇရပ်ဘက်ကို ရွှေ့ပြောင်းခိုင်းထားတယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “မနေ့က ညနေ ၅ နာရီနဲ့ ၆ နာရီကြားထဲမှာ ကျုံးဘေးမှာနေတဲ့သူတွေကို မန္တလေးတိုင်း တာဝန်ရှိတဲ့သူတွေက မန္တလေးတောင်ခြေမှာရှိတဲ့ သုဓမ္မာဇရပ်တန်းဘက်ကို ရွှေ့ထားပြီးသား၊ ရွှေ့ထားပြီးသားဆိုတော့ အဲ့မှာ သူတို့ ကမ့်ပ်တွေ ဘာတွေနဲ့ ထားပါလိမ့်မယ်၊ ဘာလို့ဆို ကျုံးဘေးမှာလည်း စစ်တပ်ကနေ စစ်တပ်သုံး မိုးကာတဲတွေ လိုက်ပြီးတော့ ချထားပေးတာတွေ ရှိတယ်၊ မိုင်တဲကထီးတွေ ချထားပေးတာတွေ ရှိတယ်၊ အဲဒါတွေပါ ပါသွားမယ်နဲ့ တူပါတယ်။ မိုးကျသွားတဲ့အတွက်၊ လေကျသွားတဲ့အတွက် ဘောလုံးကွင်းတွေမှာ အိပ်နေတဲ့ဟာတို့၊ လမ်းပေါ်ထွက် အိပ်ရတဲ့သူတွေတော့ တော်တော်လေးကို ဒုက္ခရောက်သွားမယ်” လို့ ပြောပါတယ်။
မိုးရွာသွန်းနေပေမဲ့ မန္တလေးမြို့ထဲက ပြိုကျသွားတဲ့ အဆောက်အအုံတွေမှာ ကူညီကယ်ဆယ်ရေးတွေတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဧပြီ ၆ ရက် မနက်ပိုင်းကစပြီး ဂရိတ်ဝေါဟိုတယ်မှာ ရုရှားက ကယ်ဆယ်ရေးသမားတွေက ဟိုတယ်အနောက်ပိုင်းကို ဖြိုချပြီး ရှာဖွေမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
မိုးရွာသွားတဲ့အတွက် မြေပြိုတာတွေ၊ အဆောက်အအုံ ကျွံကျတာတွေ ဖြစ်လာနိုင်လို့ ကယ်ဆယ်ရေးသမားတွေ အနေနဲ့ ပိုသတိထားသင့်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအတွက်လည်း ကူးစက်ရောဂါ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
ကူညီရေးလုပ်နေတဲ့ ဆရာဝန်တယောက်က “မိုးက ရွာလိုက်တဲ့အတွက် ပြိုနေတဲ့ ဧရိယာတွေမှာ ဆိုရင် မြေကြီးနဲ့ထောက်ပြီး ဂလိုင်ဖြစ်သွားတာမျိုး ရေထိုးချလိုက်ရင် သဲက ကျစ်သွားတယ်၊ သဲက အောက်ကို ကျသွားတယ်ဆိုရင် နင်းတဲ့အခါမှာ ကျွံကျသွားတာမျိုး ဖြစ်နိုင်တယ်။ နောက်တခုက Dead body တွေ အချိန်ကြာပြီ။ မထုတ်နိုင်တဲ့ dead body တွေက ပုံပျက်သွားတာမျိုး ရှိမယ်။ နောက်တခုက မိုးတွေရွာလာတဲ့အခါမှာ အဲဒီ body တွေကထွက်တဲ့ အရည်တွေ ပုပ်သွားတာမျိုးတွေ ဖြစ်မယ်၊ အဲဒီဟာတွေက အပြင်ကို စီးလာနိုင်တယ်။ အဓိကကတော့ ဝမ်းပျက်ဝမ်းလျှောပေါ့နော်၊ အနံ့ရယ် ဒီအရည်တွေရယ်ကို လက်သေချာ မဆေးဘူးဆိုရင် အကုန်လုံးက ဝမ်းပျက်ဝမ်းလျှော အင်ဖက်ရှင် ဝင်သွားနိုင်တယ်” လို့ ပြောပါတယ်။
မိုးရွာသွန်းတဲ့အတွက် မန္တလေးမြို့ထဲမှာ အပူချိန် ကျဆင်းသွားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
မတ် ၂၈ ရက်က မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြောင့် မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းအတွင်းမှာ ပြည်သူ ၂,၇၅၉ ယောက် သေဆုံးခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
သီရိ