
အပစ်ရပ်ထားမယ်ဆိုပြီး ကြေညာထားတဲ့ စစ်ကောင်စီဟာ ကရင်နီပြည်မှာရော၊ ငလျင်ဒဏ်သင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာပါ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ ၅ ယောက် သေဆုံးပြီး တချို့ ဒဏ်ရာရသွားပါတယ်။
ဧပြီ ၄ ရက်နေ့က မိုးဗြဲနဲ့ လွိုင်ကော်ကြားက ပီကင်းကောခူကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတို့တို့နဲ့ အကြောင်းမဲ့ တိုက်ခိုက်တာကြောင့် အရပ်သား ၅ ယောက် သေဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ဘက်ကနေ မြို့တွင်းနဲ့ အနီးဝန်ကျင်ကျေးရွာတွေကို တနေကုန်နီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် မနက် ၁၁ နာရီခွဲလောက်မှာ ရွာထဲကပြည်သူတယောက် လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မွန်းလွဲ ၂ နာရီကျော်မှာလည်း ပီကင်းကောခူရွာကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ကျေးရွာတွင်းကအိမ်တွေကိုထိမှန်ပြီး အရပ်ပြည်သူအမျိုးသား ၄ ယောက် ထိမှန်သေဆုံး၊ တချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရွာခံ၊ ရွာစောင့်တွေပေါ့။ တချို့တွေလည်း လယ်ပြန်လုပ်တဲ့သူတွေရှိတယ်။ မိသားစုတွေရှိတယ်။ စစ်ရှောင်တော့ သူတို့ရွာဘက်မှာ လက်ခံထားတာ မရှိဘူး ထင်တယ်။ သူတို့ရွာကိုယ်တိုင်က စစ်ရှောင်နေရတယ်လေ” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်း သဘာဝဘေးသင့်နေချိန်မှာ ယာယီအပစ်အခတ်ရပ်စဲထားမယ်လို့ ဧပြီ ၂ ရက်နေ့က ထုတ်ပြန်ထားပေမဲ့ ကရင်နီပြည်နယ်ထဲကို ဧပြီ ၂ ရက်နေ့ ဒီနေ့အထိ လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း နေ့တိုင်းနီးပါး ပစ်ခတ်နေတာလို့လည်း KNDF က ဆိုပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ပေါ်ကိုလည်း ဧပြီ ၄ ရက် ညနေ ၅ နာရီလောက်မှာ တံတားဦး လေတပ်စခန်းဌာနချုပ်က တက်လာတဲ့ Yak-130 လေယာဉ်နဲ့ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo: KNDF၊ NUG