
အင်အားပြင်း ငလျင်လှုပ်ပြီး ၃ ရက်မြောက်နေ့ မန္တလေးတိုင်း ပျော်ဘွယ်မှာ မြို့တမြို့လုံး ရေပြတ်လပ်သွားလို့ အကူအညီတွေ လိုအပ်နေပြီး လျှပ်စစ်မီး ပြတ်တောက်နေတဲ့အပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာကြသေးဘူးလို့လည်း ဒေသခံတွေက DVB ကို ပြောပါတယ်။
လက်ရှိအချိန်ထိ မြို့ထဲက အပျက်အစီးတွေနဲ့ ပိတ်မိနေတဲ့သူတွေကို အချင်းချင်း ကူညီကယ်ထုတ်ပေးနေရပြီး အစားအသောက်နဲ့ရေတွေ ထောက်ပံ့ပေးဖို့ အကူအညီ တောင်းခံနေကြတာပါ။
ပျော်ဘွယ်မြို့ခံတယောက်က “အခုလောလောဆယ်မှာတော့ သုံးရေက အဓိကပေါ့။ သောက်ရေက ကျနော်တို့ ရေစက်တွေ ပုံမှန်လည်ပတ်ပေးနေတယ်၊ ဈေးကြီးတာတော့ မရှိဘူး။ သုံးရေအတွက်က တယောက်နဲ့တယောက် ဝေမျှပြီးသုံးတာတွေ၊ နောက် မြို့ထဲမှာ တယောက်နဲ့တယောက် ရေပေးဝေနေတာတွေ ရှိတယ်။ ဒါပေမဲ့ တမြို့လုံးအတိုင်းအတာနဲ့ ဆိုရင်တော့ အနည်းအကျဥ်းတော့ ဒုက္ခများတာပေါ့” လို့ ပြောပါတယ်။
ရေပြတ်လပ်နေတဲ့ အိမ်တွေကို အချင်းချင်း ကူညီနေတဲ့ပုံစံနဲ့ လက်ရှိ ရေပြဿနာကို ဖြေရှင်းနေကြပြီး တမြို့လုံးအတိုင်းအတာနဲ့ ရေကူနေရတဲ့အတွက် လိုနေတဲ့ ရပ်ကွက်တိုင်းကိုတော့ မကူနိုင်သေးဘူးလို့လည်း ဒေသခံတွေက ဆက်ပြောပြပါတယ်။
ပျော်ဘွယ်မြို့ခံက “နဂိုတည်းက အစိုးရရေကလည်း ကောင်းကောင်းမပေးနိုင်ဘူး၊ အခု လှုပ်ပြီးတဲ့အချိန်မှာ ပိုဆိုးသွားတာ၊ ဘာမှကို သုံးစရာရေ မရှိတော့ဘူး။ သုံးရေက ပိုဆိုးတာပေါ့နော်၊ သုံးရေအတွက်ကို ကားတွေပေါ်မှာ ဖိုင်ဘာတိုင်ကီကြီးတွေ တင်ပြီးတော့ လိုက်မျှပေးရတာ၊ တိုင်ကီမရှိတဲ့အတွက် အများကြီးကို လိုက်မပေးနိုင်ဘူး” လို့ ပြောပါတယ်။
လူအယောက် ၅၀ ပိတ်မိနေတဲ့ ပျော်ဘွယ် KBZ ဘဏ်မှာလည်း မတ် ၃၁ ရက်အထိ ၁၅ ယောက်သာ ကယ်ထုတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ အကူအညီတွေလည်း လိုအပ်နေပါတယ်။
ကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ ပြောပြချက်အရ ငလျင်လှုပ်အပြီး ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ သေဆုံးသူ ၂၀၀ နီးပါး တွေ့ရှိထားပြီး ဒဏ်ရာရသူ ၈၀ ကျော် ရှိတယ်လို့ ဆိုထားပါတယ်။
မောရစ်