ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကို မတ် ၂၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အဆောက်ဦးတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့ကို ဒီမနက် ၃ နာရီလောက်မှာ စစ်တွေမြို့နယ် ပါဒလိတ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေက အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပုဏ္ဏားကျွန်းမြို့ဒေသခံတယောက်က DVB ကိုပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည် ၃ လုံးဟာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီး အနားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့ပေါ်က ပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေကြရကာ အဲဒီဆေးရုံကိုလည်း ပိတ်ထားတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာဘုန်းကြီးကျောင်းကိုလည်း မတ်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်သေဆုံးကာ ၁၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။