
ကျနော်တို့ မြန်မာ စကားပုံ တခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ၊ အဒေါ်ရေ ခွေးကြည့်ပါဦး ဆိုတာ ဖြစ်ပါတယ်။ ဘယ်အချိန်တွေမှာ ပြောကြတာလဲ ဆိုတော့ တကယ်ကြည့်လိုက်ရင် အလုပ်ကြီးအကိုင်ကြီး လုပ်တော့မယ့် ပုံပါပဲ။ ပြီးတော့မှ သောက်တလွှဲ လုပ်လိုက်တဲ့ အခါမျိုးကို ရွဲ့ပြီး ပြောတာ၊ လှောင် ပြောင်ပြီး ပြောလိုက်တာပါ။
အခုလည်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့ စစ်ကောင်စီ တဖွဲ့လုံးက ရုရှားလို ကမ္ဘာက ရွံရှာစက်ဆုပ်နေတဲ့နိုင်ငံကို သွားဖားယားပြီးပြန်လာတဲ့၊ တနည်းအားဖြင့် ဆင်ဖမ်းမယ် ကျားဖမ်းမယ် ပြောပြီး ပြန်လာတဲ့ စစ်အာဏာသိမ်းခေါင်းဆောင်ကို အူးယားဖားယား ကြိုဆိုနေကြတဲ့ မြင်ကွင်းတွေ မြင်ရ ကြားနေရတော့ ကျနော့်အတွေးထဲ ဒီစကားစုက ရောက်လာပါတယ်။ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တကယ်ပဲ ဆင်ဖမ်းနိုင်မလား၊ ကျားဖမ်းနိုင်မလား ဆက်ပြီးချဥ်းကပ်ကြည့်ရအောင်ပါ။
စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားအကြား အခုချုပ်ဆိုလိုက်တဲ့ စာချုပ်တွေက လက်တွေ့အကောင်အထည်ဖော်နိုင်မလား ဆိုတာမှာ အကြောင်းအချက်များစွာ ရှိပါတယ်။
ဘဏ္ဍာရေးနှင့် သဘောထားပိုင်းမှာဆိုရင် စစ်ကောင်စီဘက်က စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အလုံအလောက်သော များပြားတဲ့ အရင်းအမြစ် မရှိသေးဘဲ ရုရှားဘက်ကို အခြေခံနေရတဲ့အတွက် တကယ်လက်တွေ့လုပ်နိုင်မလားဆိုတာ မသေချာပါဘူး။
တရုတ်နဲ့ ရုရှား ဆက်ဆံရေးဟာဆိုရင် တရုတ်က ရုရှား-မြန်မာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုကို မဖြစ်မနေ လက်ခံနိုင်မယ့် အခြေအနေမရှိပါဘူး။ တရုတ်က ငြိမ်းချမ်းရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကို ပိုလိုချင်တဲ့အတွက် စစ်ကောင်စီအပေါ် သေချာမယုံကြည်ဘဲ လှုပ်ရှားနေတာ တွေ့ရပါတယ်။
မြန်မာ့စစ်ကောင်စီအတွင်းပိုင်းကို ကြည့်မယ်ဆိုရင် စစ်တပ်အတွင်းမှာလည်း အမြင်မတူမှုတွေ ရှိနေလို့ ရုရှားနဲ့ လုပ်တဲ့ သဘောတူညီမှုတွေကို တကယ်အကောင်အထည်ဖော်နိုင်မလားဆိုတာ သံသယရှိနေကြပါတယ်။
အဲဒါကြောင့် ရုရှားနဲ့ လက်မှတ်ထိုးထားတဲ့ စာချုပ်တွေက လက်တွေ့ အပြည့်အဝ အလုပ်ဖြစ်နိုင်မယ်လို့ သေချာမပြောနိုင်ပါဘူး။ တချို့က လက်တွေ့ အခြေအနေတည်ငြိမ်မှသာ အကောင်အထည်ဖော်နိုင်မယ်လို့ ယထာဘူတ ကျကျ ဆိုနေကြတာလည်း ရှိပါတယ်။
ဟိုးအရင်ကတည်းကတော့ ရှရှားနဲ့ မြန်မာ နှစ်နိုင်ငံဟာ သမိုင်းအလိုက် သံတမန် ဆက်ဆံရေးရှိခဲ့ကြတဲ့ နိုင်ငံတွေပါ။ အခုအခါမှာလည်း ရုရှားဟာ ရေဆာတုန်း ရေတွင်းထဲကျ ဆိုသလို တခြားနိုင်ငံတွေက ဖယ်ကြဉ်ထားချိန်မှာ မြန်မာနိုင်ငံအပေါ် သင့်မြတ်သော မိတ်ဖက်တခုအဖြစ် မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါဟာလည်း သူ့နိုင်ငံရဲ့ အကျိုးစီးပွားကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ တိုက်ရိုက်ပြောရရင် သမ္မတပူတင်ရဲ့ အာဏာအကျိုးစီးပွားအတွက်လို့ ဆိုရမှာပါ။
ရုရှားအမြင်အရ မြန်မာဟာ အခုလို အရေးပါမှုတွေ ရှိတယ်လို့ စဥ်းစားတာ တွေ့ရပါတယ်။ နိုင်ငံရေးအရ ဆက်ဆံရေးဘက်ကကြည့်ရင် မြန်မာနဲ့ ရုရှားဟာ ၁၉၄၈ ခုနှစ်ကနေ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့ကြပြီး အခုတိုင် ဆက်လက်တည်ရှိနေသေးတယ်။ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုဟာလည်း ရုရှားဟာ မြန်မာရဲ့ စစ်ဘက်အတွက် လေယာဉ်တွေ၊ လက်နက်တွေ တင်ပို့ပေးလျက်ရှိတာ တွေ့ရပါတယ်။
စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာဆိုရင် ရုရှားဟာ မြန်မာရဲ့ ထိပ်တန်းရင်းနှီးမြှုပ်နှံသူများထဲမှာ ပါဝင်နေသေးတယ်။ ရေနံဆီနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာပါ ပါဝင်မှုတွေဟာ အထူးသဖြင့် အရေးကြီးတယ်လို ယူဆပါတယ်။ ပညာရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေး ကိစ္စတွေမှာလည်း မြန်မာလူငယ်တွေကို ရုရှားမှာ ပညာတော်သင် လွှတ်တာတွေရှိပြီး၊ ယဉ်ကျေးမှု အဏုမြူသံတမန်ရေးဆက်ဆံမှုတွေလည်း တဖြည်းဖြည်း တိုးတက်လာတာ တွေ့ရပါတယ်။
ရုရှားအနေနဲ့ မြန်မာအပေါ် ထည့်သွင်းစဉ်းစားနိုင်တဲ့ အချက်တွေကတော့ များစွာ ရှိနိုင်ပါတယ်။ အရေးတကြီး စဥ်းစားနိုင်ခြေတွေကတော့ မြန်မာဟာ အနောက်နိုင်ငံတွေနဲ့ အတူတကွမဟုတ်ဘဲ ရုရှားနဲ့ မဟာမိတ်ဖြစ်နိုင်သောနိုင်ငံတခု ဖြစ်တယ်။ တောင်အာရှဒေသမှာ သံတမန်ဆက်ဆံရေး တိုးချဲ့လိုသော ရုရှားရဲ့ မဟာမိတ်နိုင်ငံတခု ဖြစ်နိုင်တယ်လို့ ယူဆဖွယ် ရှိနေပါတယ်။ တနည်းအားဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လို ချည့်နဲ့နိုင်ငံက ဆရာတင်ချင်နေတဲ့ တပည့်နိုင်ငံတခုလို့ သဘောထားမှာတော့ အသေအချာပါပဲ။
မင်းအောင်လှိုင်ကလည်း ရှိသမျှ သဘာဝအရင်းအမြစ်တွေနဲ့ သူ့အာဏာတည်မြဲရေးအတွက် ခွေးတိုးပေါက်ကပဲဖြစ်ဖြစ် ရုရှားနဲ့ဆက်ဆံရေးကို တိုးမြှင့်နိုင်ဖို့ ကြိုးစားမှာပါ။ ပြီးရင်တော့ ရွေးကောက်ပွဲလိုကိစ္စကို ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် လုပ်မယ် ပြောပြီးရင်တော့ ကိုယ်မကြိုက်တဲ့ ပါတီတက်လာရင် အကြောင်းအမျိုးမျိုးပြပြီး အဒေါ်ရေ ခွေးကြည့်ပါဦးဆိုပြီး အာဏာထသိမ်းလုပ်မယ့် အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ကို လုပ်ကြဦးမှာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်တွေဟာ မြန်မာစစ်ကောင်စီနဲ့ ရုရှားနိုင်ငံကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ချက်က အဓိက ဖြစ်တာ သိသာပါတယ်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေအပေါ် သက်ရောက်မှုရှိတဲ့ ဒေသတွင်းနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း ဆက်ဆံရေး ရှိနေပါတယ်။ တချို့ပညာရှင်တွေကတော့ တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မြန်မာ့တော်လှန်ရေးအင်အားစုတွေဘက်ကို ရပ်တည်လာနိုင်ကြောင်း သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ခိုင်မာတဲ့ အတည်ပြုနိုင်လောက်တဲ့ သက်သေပြချက်မျိုးတော့ ကျနော်တို့ မတွေ့ရှိရသေးပါဘူး။ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် ပြောင်းလဲ၊ မပြောင်းလဲဟာ အတိအကျ ခန့်မှန်းရ ခက်ခဲတဲ့ ပုစ္ဆာ တပုဒ်ပါ။
အချုပ်အားဖြင့် တင်ပြရရင် ရုရှားဟာ မြန်မာကို မဟာမိတ်နိုင်ငံတခုအဖြစ် မြင်နိုင်ပေမဲ့၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် မူတည်ပြီး ရုရှားရဲ့ အမြင်တွေဟာ အချိန်အခါအလိုက် အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုရမှာပါ။ လေ့လာစောင့်ကြည့်သူ ပညာရှင်တွေကလည်း အခုလိုပဲ သုံးသပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီ ခေါင်းဆောင်တွေဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ ဇော်မင်းထွန်းတို့ကတော့ ရှရှားနဲ့ ဘယ်လာရုစ်က အပြန် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုပြီး သတင်းမီဒီယာတွေမှာ ဟိတ်ကြီးဟန်ကြီးနဲ့ လုပ်ကြဦးတော့မှာပါ။ ဘယ်အချိန် အဒေါ်ရေ ခွေးကြည့်ပါဦး လုပ်မလဲလို့သာ ပြည်သူအများက ဝါးလုံးကွဲ စောင့်ကြည့် ဟားကြရဦးတော့မှာပါဗျာ။