
စပိန်နဲ့ ဘာစီလိုနာကြယ်ပွင့် ယာမဲလ်ကို မက်ဆီနဲ့ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်သေးဘူးလို့ အသင်းဖော် ဖရန့်ကီဒီယောင်က ပြောပါတယ်။
အသက် ၁၅ နှစ်နဲ့ ၂၉၁ ရက် အရွယ်မှာပဲ ဘာစီလိုနာအသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး စပိန်အသင်းနဲ့အတူ ဥရောပချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့ ယာမဲလ်ကို မက်ဆီနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးနေခဲ့ကြတာပါ။
ဘာစီလိုနာ ကွင်းလယ်လူ ဒီယောင်ကတော့ ယာမဲလ်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ဆောင်ပြနေတာက အလွန်ရှားပါးပြီး ပါရမီရှင် ကစားသမားတယောက် ဖြစ်ပေမဲ့လည်း မက်ဆီနဲ့ နှိုင်းယှဉ်ချီးကျူးဖို့အထိတော့ မလုံလောက်သေးကြောင်း စပိန်နဲ့ နေးရှင်းလိဂ်ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မက်ဆီဟာ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ ကစားသမားဖြစ်ပြီး သူ့လို ကစားသမား နောက်ထပ် ရှိလာတော့မှာ မဟုတ်ကြောင်းလည်း ဖရန့်ကီဒီယောင်က ပြောသွားပါတယ်။