စစ်ကောင်စီအတွက် စစ်မှုထမ်းလူစားထိုးဖို့ စစ်မှုထမ်းလစဉ်ကြေး ပေးနေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံပုလဲရွာက အခြေခံလူတန်းစားတွေမှာ အခက်အခဲရှိနေတယ်လို့ ကံပုလဲရွာ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကံပုလဲရွာအတွင်းက စစ်မှုထမ်းဖို့ လူငယ်တွေ ခေါ်ဆောင်ရာမှာ မိမိတို့ရွာက လူငယ်တွေ စစ်မှုထမ်းထဲ မပါရေးအတွက် ကံပုလဲ ရွာသူ ရွာသားတွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို စစ်မှုထမ်းလစဉ်ကြေး ပေးဆောင်နေရတာပါ။
အရင်လတွေတုန်းက စစ်မှုထမ်းအတွက် လစဉ်ကြေး ၁၀,၀၀၀ ကျပ်သာ ပေးဆောင်ရပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ လပိုင်းကစပြီး ကျပ် ၁၅,၀၀၀ အထိ တိုးမြှင့်ကောက်ခံနေတဲ့အတွက် အခြေခံလက်လုပ်လက်စားသမားတွေမှာ အခက်အခဲရှိနေတယ်လို့ ကံပုလဲရွာသားတယောက်က ပြောပါတယ်။
“လူ၀ယ်ဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ရွာဘုန်းကြီးကျောင်းမှာ လူစုပြီး ကောက်တာဗျ။ အဲဒီမှာ သွားသွားထည့်ရတာ၊ အခက်ခဲကတော့ အများကြီးရှိတယ်ဗျ။ တချို့ မပေးနိုင်တာတွေရှိတယ်။ မပေးရင် မပေးတဲ့အိမ်ကလူကို စစ်မှုထမ်းခေါ်ရင် ဆွဲထည့်မယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတယ်ဗျ။”
မြို့ပေါ်မှာ အလုပ်သွားလုပ်နေရတဲ့ အခြေခံလူတန်းစားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် စားဝတ်နေရေးအတွက် ပိုမိုရုန်းကန်နေကြရပြီး စစ်မှုထမ်းအတွက်ပါ လစဉ်ကြေး ပေးဆောင်နေကြရတာကြောင့် အခက်အခဲတွေ ရှိနေကြတာလို့ ဆိုပါတယ်။
ကံပုလဲရွာမှာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီး လူဦးရေ ၁,၀၀၀ ကျော် နေထိုင်ကာ အဲဒီကျေးရွာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကျေးရွာဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလက စကာ စစ်မှုထမ်းလစဉ်ကြေး ပေးဆောင်နေကြရတာပါ။
အဆိုပါ ကံပုလဲရွာသားတွေ စစ်မှုထမ်းလစဉ်ကြေး ပေးဆောင်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကံပုလဲရွာ အုပ်ချုပ်ရေးမှူး ဦးအဲမြင့်ကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မှုဧရိယာပြင်ပကို ရောက်ရှိနေပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ဟာ သောက်သုံးရေနဲ့ စားသောက်ဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
သူတို့တွေဟာ တိုက်ပွဲတွေနဲ့ စစ်တပ်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာတွင်းကနေ ထွက်ပြေးနေကြရပြီး တောတောင်တွေ အတွင်းက လေကြောင်းရန်လွတ်မယ်လို့ ယူဆရတဲ့ ချောင်းကြား မြောင်းကြားတွေမှာ နေထိုင်နေကြရတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းကစ ကလေးမြို့နယ်တောင်ပိုင်းမှာလည်း စစ်ကောင်စီက အရပ်သားတွေနေတဲ့ ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးမှု များပြားခဲ့ပြီး တင်သားကျေးရွာအုပ်စုက ကျေးရွာသားတွေဟာလည်း ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ ရှိနေကြတယ်လို့ ကလေးမြို့နယ် လူသားစာနာတာဝန်ခံက ပြောပါတယ်။
အဲဒီ စစ်ဘေးတိမ်းရှောင်လာတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ မီးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့လူတွေလည်း ရှိနေကြပြီး စစ်ဘေးတိမ်းရှောင်ရင်း ဆေးကုသခွင့်မရလို့ သေဆုံးသွားရတဲ့ သက်ကြီးရွယ်အိုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသတွင်း စစ်ရှောင်အရေး ကူညီသူတွေထံက ကူညီထောက်ပံ့မှုတွေ ရရှိပေမဲ့ လုံလောက်မှု မရှိတာကြောင့် စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး လက်ရှိမှာတော့ မိုးကာနဲ့ သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့ တင်သားရွာ ဒေသခံတယောက်က ပြောပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၃၀,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး ဒေသတွင်း စစ်ဘေးရှောင် ၁၆၀,၀၀၀ ကျော်အထိ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေရဲ့ စာရင်းအရ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၅ သန်းကျော် ရှိနေပါတယ်။