
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲကို မတ် ၁၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒေသခံပြည်သူတယောက် သေဆုံးခဲ့သလို ပြည်သူပိုင် မော်တော်ယာဥ် ၂ စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဝေဖြိုးသန့်က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ကနီတောင်ခြမ်းက မုဌောအရှေ့ရွာနဲ့ နတ်ကြီးရွာတွေဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၅ လုံး ကြဲသွားတယ်ဗျ။ အဲဒီ ၂ နေရာလုံးက မြစ်ကူးတို့ဆိပ် နေရာတွေပါ။ ဗုံးကြဲခံရတာက မုဌောရွာဘက်ကို ဗုံးတလုံးနဲ့ နတ်ကြီးဘက်ကို ဗုံး ၄ လုံး အကြောင်းမဲ့ အကြဲခံလိုက်ရတာပါ။ အခုညနေပိုင်းအထိ လေကြောင်းပစ်ခတ်မှုတွေက ဆက်ရှိနေတုန်းပဲဗျ” လို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့အတွက် မုဌောကျေးရွာဘက်က ခိုင်းနွားတကောင် သေဆုံးခဲ့သလို နတ်ကြီးကျေးရွာကလည်း ပြည်သူပိုင်အိမ်စီးကား ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတယောက် သေဆုံးခဲ့ရတဲ့အပြင် ပြည်သူတယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း မုဌောကျေးရွာအနီးက အခုဗုံးကြဲခံရတဲ့ နေရာဝန်းကျင်ကို စစ်ကောင်တပ်က ဗုံးကြဲခဲ့လို့ ဆီသယ်ယာဉ်တွေ မီးလောင်ပျက်စီးပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်ဘက်က မြေပြင်အင်အားနည်းနေလို့ စစ်ကြောင်းမထိုးနိုင်တာကြောင့် ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်ရက်ဆက်နီးပါး ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်နေတာ ဖြစ်ပါတယ်။ အဲဒီလို စစ်ရာဇာဝတ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် အရေးယူဖို့ ကျနော်တို့နိုင်ငံက ပြည်သူဘယ်နှယောက် ထပ်သေပေးရဦးမလဲလို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ အထက်က တာဝန်ရှိသူတွေကို မေးချင်တာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကတုတ်ကျင်းတူးတာတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ နောက်ထပ် လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်ကြတဲ့အတွက် မုဌောကျေးရွာနဲ့ နတ်ကြီးကျေးရွာတွေအပြင် အနီးဝန်းကျင်ကျေးရွာက ထောင်ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြတယ်လို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
Photo : ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့