
အမေရိကန်အစိုးရအကျိုးထိရောက်မှုဌာန (DOGE) အကြီးအကဲ၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က သူ ပိုင်တဲ့ Starlink ဂြိုဟ်တုအင်တာနက်သာ ပိတ်ချလိုက်ရင် ယူကရိန်းရှေ့တန်း စစ်မျက်နှာတခုလုံး ပြိုလဲသွားမယ်လို့ သူပိုင်တဲ့ X လူမှုကွန်ရက်မှာ ခြိမ်းခြောက် ရေးသားခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ဝေဖန်ခဲ့တဲ့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးကိုလည်း အီလွန်မတ်စ်ခ်က “တိတ်တိတ်နေ၊ လူကလေး (Be quiet, small man)” လို့ သတိပေးခဲ့ပြန်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီဘို ကပါ မတ်စ်ခ်နဲ့ တလေသံတည်း တုံ့ပြန်ခဲ့ပါတယ်။ Starlink ဟာ ယူကရိန်းစစ်တပ်တခုလုံးရဲ့ ကျောရိုးဖြစ်တယ်လို့ မတ်စ်ခ်က ရေးသားခဲ့ပြီး ပိတ်ချလိုက်ရင် ဒုက္ခရောက်သွားမယ်လို့ သတိပေးခဲ့တဲ့အပေါ် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုဆလော ဆစ်ကောစကီးက ဝေဖန်ခဲ့တာပါ။
ဆစ်ကောစကီးက မတ်စ်ခ်သာ အဲဒီလိုပြောနေရင် တခြားဝန်ဆောင်မှု ရှာရတော့မှာ ဖြစ်ကြောင်း၊ ယူကရိန်းအတွက် Starlink အင်တာနက်ဖိုးကို ပိုလန်က ပေးထားတာဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းအတွက် Starlink ဖိုးကို ပိုလန်ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနက ပေးနေတာဖြစ်ပြီး တနှစ်ကို ဒေါ်လာ သန်း ၅၀ လောက် ပေးရပါတယ်။
“ရန်လိုမှုခံရတဲ့သူကို ခြိမ်းခြောက်နေတဲ့ ကျင့်ဝတ်မျိုးနဲ့ဆိုရင်တော့ SpaceX ဟာ မယုံကြည်ရတဲ့ ဝန်ဆောင်မှုပေးတဲ့သူ ဖြစ်နေပါတယ်။ ကျုပ်တို့ တခြားပံ့ပိုးသူရှာအောင် တွန်းပို့သလို ဖြစ်နေတယ်” လို့ ဆစ်ကောစကီးက လူမှုကွန်ရက် X မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုက X လူမှုကွန်ရက်မှ ဘယ်သူမှ Starlink ဖြတ်မယ်လည်း မခြိမ်းခြောက်ဘဲနဲ့ လုပ်ဇာတ်ဆင်နေတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးကို ဝေဖန်ရေးသားခဲ့ပါတယ်။
Starlink သာ မရှိရင် ယူကရိန်း စစ်ရှုံးတာ ကြာပြီ၊ ရုရှားတွေ ပိုလန်နယ်စပ် ရောက်နေလောက်ပြီလို့ ရူဘီအိုက မှတ်ချက်ရေးခဲ့ပါတယ်။ အဲဒီနောက်မှာ မတ်စ်ခ်ကလည်း “တိတ်တိတ်နေ၊ လူကလေး။ မင်း ပေးထားတာ အဖျားအနားပဲ ရှိတယ်။ ပြီးတော့ Starlink ကို အစားထိုးစရာမရှိဘူးကွ” လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးကို ဝေဖန်ခဲ့ပါတယ်။
ဒီလို အချင်းများအပြီးမှာတော့ မတ်စ်ခ်က သူ့အနေနဲ့ ယူကရိန်းမူဝါဒကို ဘယ်လောက် သဘောမတူတာပဲ ဖြစ်ဖြစ်၊ Starlink ရဲ့ terminal တွေကိုတော့ ဘယ်တော့မှ ပိတ်ချမှာ မဟုတ်ဘူးလို့ ပြန်ရေးပြန်ပါတယ်။
“ရုရှားတွေက တခြားဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်နှောင့်ယှက်နိုင်တာကြောင့် Starlink သာမရှိရင် ယူကရိန်း ဆက်သွယ်ရေးလိုင်းတွေ ပြိုလဲမယ်လို့ ကျုပ်က ရိုးရိုးပြောတာပါ။ ဒါကို ညှိနှိုင်းရာမှာ အားသာချက်တခုအနေနဲ့ ဘယ်တော့မှ သုံးမှာမဟုတ်ပါဘူး” လို့ မတ်စ်ခ်က ပြန်လျှော့ချသွားခဲ့ပါတယ်။
Source: Reuters