
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ထဲမှာ စစ်မှုထမ်းဖို့စာရင်းပါသူတွေကို မတ် ၆ ရက်က အိမ်ထဲအထိ ဝင်ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့က ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးတွေက စစ်မှုထမ်းစာရင်းထဲပါသူတွေကို အသိပေးအကြောင်းကြားတာမရှိဘဲ စစ်တပ်နဲ့ရဲကိုခေါ်ပြီး အိမ်ထဲအထိဝင်ရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်က ၁ ယောက်၊ အမှတ် ၉ ရပ်ကွက်က ၁ ယောက်၊ အမှတ် ၅ ရပ်ကွက် ၃ ယောက်၊ ညောင်ဝိုင်းကျေးရွာက ၂ ယောက်နဲ့ အိုင်ဝိုင်းကျေးရွာက ၂ ယောက်၊ စုစုပေါင်း ၉ ယောက်ကို နေအိမ်အတွင်းအထိ ဝင်ရောက်ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံရသူနဲ့ဆွေမျိုးတော်စပ်သူတယောက်က “မအူပင်မြို့မှာ အိမ်ထဲကို စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက နာမည်ခေါ်ပြီးဝင်လာတယ်။ ပြီးတော့ အိမ်ထဲကနေခေါ်သွားတယ် မနက်မိုးလင်းမှ စစ်မှုထမ်းဖို့ ပါလို့ဆိုတာ သိရတယ်”လို့ DVB ကို ပြောပါတယ်။
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးတွေက စစ်မှုထမ်းမပါချင်တဲ့သူတွေဆီက လိုင်းကြေးပုံစံမျိုးနဲ့ စစ်မှုထမ်းထောက်ပံ့ကြေး မိသားစုတစုကို ကျပ်ငွေ ၃ သောင်းကနေ ၅ သောင်းအထိ တောင်းယူနေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
မအူပင်မြို့ပေါ်မှာ ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာအုပ်စု ၈၈ အုပ်စုရှိပြီး စစ်တပ်က လူအင်အားတောင်းခံရင် အဆင်သင့်ပေးနိုင်အောင် အုပ်ချုပ်ရေးမှုးတွေက လူငယ်စာရင်း ပြုလုပ်ထားတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကလည်း အမှတ် ၅ ရပ်ကွက်မှာ လင်မယားချင်းစကားများခဲ့တဲ့ အိမ်ထောင်ဦးစီး အမျိုးသားဖြစ်သူကို ရဲတွေကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်မှုထမ်းထဲ ထည့်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။