
ယူကရိန်းနိုင်ငံအလယ်ပိုင်း ကရီဗီယီရီ မြို့ရှိ ဟိုတယ်တခုကို ရုရှားဒုံးကျည်တစင်း မတ်လ ၅ ရက် နှောင်းပိုင်းမှာ ကျရောက်ခဲ့တာကြောင့် လူ ၄ ယောက် သေဆုံးသွားပြီး တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၃၁ ယောက်အနက် ၁၄ ယောက်ဟာ ဒဏ်ရာပြင်းထန်ကာ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေကြောင်း အုပ်ချုပ်ရေးမှူး ဆာဟီရ် လီဆက်ခ်က ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးဟာ သူ့မွေးရပ်မြို့ရှိ ဟိုတယ်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ရေးသားခဲ့ရာမှာ တိုက်ခိုက်မှု မဖြစ်ပွားခင်လေးမှာပဲ ယူကရိန်း၊ အမေရိကန်နဲ့ ဗြိတိန်တို့မှ စေတနာ့ဝန်ထမ်း အဖွဲ့တဖွဲ့ဟာ ဟိုတယ်ကိုသွားရောက်ပြီး အချိန်မီ ခိုလှုံနိုင်ခဲ့မှုကြောင့် တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ကြောင်း ပြောထားပါတယ်။
အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့က ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ ဟိုတယ်မှ လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေတာတွေကို ပြထားတဲ့ ဗီဒီယိုကို သမ္မတ ဇလန်စကီးက အွန်လိုင်းမှာ ရှယ်ထားပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို မတ် ၆ ရက် မနက်ပိုင်းအထိ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောပါတယ်။
ညလုံးပေါက်တိုက်ခိုက်မှုအတွင်း ရုရှားတပ်ဖွဲ့ဝင်တွေဟာ ပဲ့ထိန်းဒုံးကျည် ၂ စင်း အပြင် ဒရုန်း ၁၁၂ စင်းကိုလည်း ပစ်လွှတ်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။
ယူကရိန်း အရှေ့မြောက်ပိုင်းရှိ ခါကိဗ်မြို့မှာလည်း လူနေရပ်ကွက်ကို ရုရှားဒရုန်းတိုက်ခိုက်မှု အတွင်း လူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသမြို့တော်ဝန်က မတ်လ ၆ ရက်မှာ ပြောပါတယ်။
အရေးပေါ်ဝန်ဆောင်မှုဌာနကလည်း သူ့အဖွဲ့ဝင်တွေဟာ လူနေရပ်ကွက်ထဲမှ လူတွေကို ကယ်ထုတ်နေပြီး အဲဒီအရှေ့ဘက်မှာလည်း အပျက်အစီးတွေကြောင့် မော်တော်ကားအများအပြား ထိခိုက်ပျက်စီးထားတာတွေကို တွေ့မြင်ရတဲ့ ဗီဒီယိုဖိုင်ကို လွှင့်တင်ခဲ့ပါတယ်။
Source : Reuters