
ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးနောက်ခံလူ ကိုနာတေး အနီကတ် ပြသခံရခြင်း မရှိတဲ့အပေါ် အင်္ဂလန်နဲ့ မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဝေဖန်သွားပါတယ်။
ပွဲချိန် ၂၅ မိနစ်မှာ လီဗာပူးခံစစ်မှူးဟာ ပီအက်စ်ဂျီတောင်ပံကစားသမား ဘာကိုလာကို အနောက်ကနေ တွန်းခဲ့တာဟာ ပြစ်ဒဏ်ဘောဖြစ်ပြီး အနီကတ်ပြသင့်တဲ့ ကျူးလွန်မှု ဖြစ်တယ်လို့ ဖာဒီနန်က ပြောပါတယ်။
အဆိုပါပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ အီတလီကွင်းလယ်ဒိုင် ဒေးဗစ်မက်ဆာက VAR နဲ့ ပြန်လည်ကြည့်ရှု စစ်ဆေးခဲ့ပေမဲ့ အနီကတ်ပြသဖို့ ပယ်ချခဲ့တာပါ။
လီဗာပူးအသင်းဟာ အဲဒီဖြစ်ရပ်မတိုင်ခင် ၅ မိနစ် အလိုကလည်း ပီအက်စ်ဂျီရဲ့ သွင်းဂိုးကို VAR က လူကျွံဘောသတ်မှတ်ခဲ့လို့ သက်သာရာရခဲ့တာပါ။
VAR ဒိုင်တွေက အနီကတ်ပြသစေဖို့ မဆုံးဖြတ်ခဲ့တဲ့အပေါ် အံ့အားသင့်မိပြီး လီဗာပူးအသင်း အလွန်ကံကောင်းခဲ့တယ်လို့ ဖာဒီနန်က ပြောပါတယ်။
လီဗာပူးဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ကန်သွင်းချက် ၂ ကြိမ်သာ ရခဲ့ပေမဲ့ လူစားဝင်ကစားသမား အီလီယော့ရဲ့ ၈၇ မိနစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။