
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်ပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်ဖို့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ဒေသခံရွာသားတွေကို တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုထဲက ဆန်းကြွယ်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဂိတ်ကို စစ်ကောင်စီတပ်လက်အောက်ခံ ဖားကန့် ဗျူဟာကုန်းက စစ်အင်အား ၅၀ လောက်နဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်။
အခုနှစ်ဆန်းပိုင်းကတည်းက အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တော်လှန်ရေးတပ်ဘက်ကနေ ဖားကန့် တမှော်လုံးက နေအိမ်တွေမှာ ဗုံးခိုကျင်းတွေတူးကြဖို့သတိပေးထားပြီး ဖေဖော်ဝါရီ ၂၇ ရက်တိုက်ခိုက်မှုအပြီး ထပ်မံသတိပေးလာတာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် တာဝန်ရှိသူကတယောက်က “ လက်ရှိ ကတော့ ဗုံးခိုကျင်း မတူးရသေးတဲ့အိမ်တွေ တူးထားကြဖို့ ထပ်မံသတိပေးတာ”လို့ DVB ကို ပြောပါတယ်။
တခြားဒေသခံ တယောက်ကလည်း ခုရက်ပိုင်းအတွင်း ဆိုင်းတောင်ဘက်၊ ယူမာ၊ ဆန်းကြွယ်၊ မမုံ၊ ဖားပြင်ဘက်တွေမှာလည်း ဗုံးခိုကျင်းတွေတူးထားကြဖို့ တိုက်တွန်းဆော်ဩနေတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ရွာမှာတိုက်ပွဲဖြစ်ပွားအပြီး ၃ လကျော် ငြိမ်သက်နေရာကနေ စစ်ကောင်စီတပ်က အခုရက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်လာတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
KPDF နဲ့ နီးစပ်သူတဲ့ ဒေသခံတယောက်က “ ဘာဖြစ်မလဲမသိဆိုတဲ့ အခြေအနေတော ဖြစ်တာပေါ့။ ငြိမ်နေတာတော်တော်လေးကြာတဲ့ အခြေအနေမှာ စစ်ကောင်စီက KIA၊ KPDF ဂိတ်တွေကို ဒရုန်းနဲ့လာချလိုက်တာဆိုတော့လေ။ ဒါကငြိမ်နေတဲ့ အခြေအနေကနေ ပြန်ပြီးတော့ ရုတ်ရုတ်သဲသဲပြန်ဖြစ်မလားပေါ့။ စိုးရိမ်နေကြတဲ့အခြေအနေပေါ့ဗျာ” လို့ ပြောပါတယ်။
လက်ရှိဖားကန့်မှာ လက်နက်ကြီးပစ်တာ၊ လေယာဉ်ဗုံးကြဲတာတွေမရှိသေးပေမဲ့ အခုလို စစ်ရေးလှုပ်ရှားလာတာကြောင့် ဒေသခံတွေအနေနဲ့ အခြေအနေကိုစောင့်ကြည့်နေကြပါတယ်။