
ကော့ကရိတ်-မြဝတီ(အာရှ)လမ်းမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ကော့နွဲ့ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဖေဖော်ဝါရီနောက်ဆုံးပတ်က ကော့နွဲ့ကျေးရွာအနီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိမ်ခြေ ၈၀ နီးပါးရှိတဲ့ ကော့နွဲကျေးရွာကို ၄ ကြိမ်မြောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “ကျနော်တို့က အဲဒီကနေ ခံဆော်နေတာကို။ သူတို့(စစ်ကောင်စီ)ကတော့ အမြဲတမ်း အင်အားဖြည့်နေတာပဲ။ အခု စစ်မှုထမ်းအသစ်တွေ ခေါ်လိုက် ဖြည့်ထည့်လိုက်။ လာသေခိုင်းလိုက် အဲလိုပြောရမလို ဖြစ်နေတယ်။ မီးရှို့တာ ကော့နွဲ့မှာက အိမ်တွေမရှိသလောက်ဖြစ်သွားပြီ။ အဓိက က အာရှလမ်းပေါ်ပဲလေ။ ကော့နွဲ့တို့ ရွာသစ်ကုန်းတို့ဆိုတာ အာရှလမ်းဘေးပဲ။ လက်နက်ကြီးက နေ့တိုင်းပစ်နေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် မတ် ၂ ရက် ည ၁၀ နာရီကျော်လောက်ကလည်း နန်းရွှေမှုံကျေးရွာကို စစ်ကောင်စီတပ်က မစ်ဇိုင်းလက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တလုံးကျရောက်ပေါက်ကွဲခဲ့ပြီး တလုံး မကွဲဘဲ ကျန်ရှိနေပါတယ်။ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ထိခိုက်သူမရှိခဲ့ပါဘူး။
စစ်ကောင်စီက ကော့နွဲ့ကျေးရွာကို မီးရှို့တာကြောင့် ဒေသခံပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ အဆင်မပြေကြဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။
“အခုလက်ရှိကတော့ မီးရှို့ခံရတဲ့ရွာနဲ့ပတ်သက်ပြီး အဲဒီရွာမှာရှိတဲ့ ဒေသခံပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကတော့ အဆင်ပြေမနေဘူး။ ဒါက ပထမဆုံးအကြိမ် မီးရှို့ခံရတာ မဟုတ်ဘူး။ ဒီအကြိမ်နဲ့ဆိုရင် အကြိမ်ပေါင်း ၄ ကြိမ်ထက်မနည်း မီးရှို့ခံရတယ်လို့ ကျနော်တို့ ကြားသိရတယ်။ အဲတော့ မိသားစုဘဝ လုံခြုံဖို့အတွက်ရာက အိမ်က အရေးပါတဲ့ အခန်းကဏ္ဍတခုက ပါဝင်တယ်။ မိသားစုနေလိုရတဲ့ အိမ်ကို မီးရှို့လိုက်ခြင်းအားဖြင့် ဒီမိသားစုတွေ နေထိုင်ဖို့ရာအတွက် အခက်အခဲရှိတယ်။ နောက်ဆက်တွဲက စားဝတ်နေရေး ပြဿနာတွေ ဖြစ်ပေါ်လာတယ်။”
ဖေဖော်ဝါရီ ၂၄ ရက်က ကော့နွဲ့ကျေးရွာအနီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် သေဆုံးပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တယောက် ကျဆုံးခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက အထိနာနေတာကြောင့် စစ်ကောင်စီရဲ့ စခက ၁၂ အမြောက်ကုန်း၊ လှိုင်ဝ အမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာတွေ လုပ်ဆောင်နေပါတယ်။
အောင်ခန့်