
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သူ့ဆက်ဆံရေးကို ပြန်အဖတ်ဆယ်ိနုင်မယ်လို့ ယုံကြည်ထားပြီး သယံဇာတ သဘောတူညီချက်တရပ် လက်မှတ်ထိုးဖို့လည်း ဆန္ဒရှိနေဆဲ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ် ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တံခါးပိတ်ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ရုရှားလက်ထဲ နယ်မြေလက်လွှတ်ပေးရဖို့တော့ လက်ခံမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတက ထပ်ပြောပါတယ်။
ငြိမ်းချမ်းရေးအစီအစဉ် မူကြမ်းတရပ် ရေးဆွဲပြီးတော့ အမေရိကန်ကို ပေးပို့ရေး ဥရောပခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့အပြီးမှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က လန်ဒန်မှာလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး လေဆိပ်မှာ သတင်းထောက်တွေကို ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
ဇလန်းစကီးရဲ့ ပုံစံဟာ တက်ကြွနေပုံရပြီး ဥရောပနိုင်ငံတွေရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဘဲဥပုံရုံးခန်းမှာ အချေအတင်ဖြစ်ခဲ့တဲ့ကိစ္စနဲ့ အမေရိကန်နဲ့ ဆက်လက်ဆက်ဆံလိုတဲ့ သဘောထားအကြား ဘက်မျှအောင် ထိန်းပြောခဲ့ပါတယ်။
“ဖွံ့ဖြိုးပြီးကမ္ဘာရဲ့ခေါင်းဆောင်” ဖြစ်တဲ့ အမေရိကန်ဟာ ယူကရိန်းအပေါ် အကူအညီ ရပ်တန့်မယ်လို့ မထင်သလို ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကူညီမယ်လို့လည်း မထင်ကြောင်း ဇလန်းစကီးက ထပ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုရလဒ်အတွက်မဆို ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
လက်မှတ်မထိုးလိုက်ရတဲ့ သယံဇာတ သဘောတူညီချက်ကလည်း ထိုးဖို့ သဘောတူပြီးသား ဖြစ်တဲ့အတွက် အသင့်ရှိကြောင်း၊ အမေရိကန်ဘက်ကလည်း အသင့်ဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
အမေရိကန် ရီပတ်ဘလီကန် ခေါင်းဆောင်တချို့ကတော့ ဆက်ဆွေးနွေးချင်ရင် ယူကရိန်းဘက်က ဇလန်းစကီး ထွက်ပေးဖို့ လိုတယ်လို့ မှတ်ချက်ပေးထားပါတယ်။
ဇလန်းစကီးကတော့ လက်ရှိမှာ ရွေးကောက်ပွဲကျင်းပဖို့ မလွယ်တဲ့အတွက် သူ့နေရာပြောင်းဖို့ဆိုတာ မလွယ်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ ပြန်မပြိုင်အောင် သူ့ကို တားဖို့ဆိုတာလည်း ပိုခက်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သူပြောခဲ့သလိုပဲ ယူကရိန်းသာ NATO အဖွဲ့ဝင်ဖြစ်ခွင့်ရရင် သူထွက်ပေးဖို့ အသင့်ပဲလို့လည်း ပြောကြားခဲ့ပါတယ်။
Source : Reuters