
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူတယောက်ဟာ မတ် ၁ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) ဆီကနေ သိရပါတယ်။
မြိုင် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “သူက စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံရပြီးတော့ စစ်ကိုင်း တပ်မ ၃၃ မှာ စစ်သင်တန်းတက်ခဲ့ရတယ်။ အဲဒီကနေမှ ပခုက္ကူ တပ်မ ၁၀၁ အပို့ခံရပြီး စစ်မှုထမ်းတပ်သားသစ်အဖြစ် တာဝန်ထမ်းဆောင်နေရင်းနဲ့ ထွက်ပြေးလာတာဖြစ်တယ်” လို့ ပြောပါတယ်။
ထွက်ပြေးလာတဲ့ ကိုမျိုးမင်းအောင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက ကားမောင်းနေရင်း စစ်ကိုင်းမြို့က စစ်ကိုင်းတံတားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မတရား ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။
မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယျာက “ကိုမျိုးမင်းအောင်က ယာဥ်မောင်းအလုပ်ကို လုပ်ကိုင်နေသူပါ။ ပြီးခဲ့တဲ့ ၂ လခွဲ ၃ လလောက်က သူ့မိသားစုအတွက် ကားမောင်းပြီးတော့ စီးပွားရှာပေးနေရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲ အဖမ်းခံခဲ့ရတာ။ သူ့အတွက် ဆုကြေးငွေ ချီးမြှင့်ပေးဖို့ ကိစ္စတွေနဲ့ နေထိုင်စားသောက်ရေးအတွက် ဆက်ပြီးဆွေးနွေးတိုင်ပင်နေတာ ရှိပါတယ်” လို့ DVB ကို ပြောပါတယ်။
ယာဥ်မောင်း ကိုမျိုးမင်းအောင်ဟာ သူကိုင်ဆောင်တဲ့ MA1 သေနတ် ၁ လက်၊ MA ကျည်အတောင့် ၆၀၊ ကျည်ဘောက် ၃ ခုတို့နဲ့အတူ မြိုင် ပကဖ၊ တပ်ရင်း ၁ တပ်ခွဲ ၂ (ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ဆီကို ကြိုတင်ချိတ်ဆက်ကာ အလင်းဝင်ရောက်လာ ဖြစ်ပါတယ်။
ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဘဝရှေ့ရေးကို ရှေးရှုပြီး နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ မြိုင် ပကဖ အဖွဲ့က တိုက်တွန်းထားပါတယ်။