တောင်ကုတ်မြို့နယ် ရခိုင်ရိုးမတောင်တန်းတလျှောက်က တရားမဝင် သစ်ထုတ်လုပ်တာတွေကို အာရက္ခတပ်တော် (AA) က တားဆီးပိတ်ပင်လိုက်တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ် ရခိုင်ရိုးမတောင်တန်းပေါ်မှာ ခုတ်လှဲပြီးသား သစ်တွေကိုတော့ သစ်ထုတ်လုပ်သူတွေ နစ်နာမှုမရှိအောင် ထုတ်ခွင့်ပြုထားပြီး သစ်ပင်တွေကို နောက်ထပ်ခုတ်လှဲခွင့် မပြုတော့ဘဲ ပိတ်ပင်တားဆီးလိုက်တာလို့ ဆိုပါတယ်။

ရခိုင်ရိုးမတောင်တန်း တလျှောက်မှာ သစ်ပင်ကြီးတွေကို ယခင်က စစ်ကောင်စီရဲ့ အပေါင်းပါ ခရိုနီတွေက ခုတ်လှဲ သစ်ထုတ်ခဲ့လို့ သစ်တောတွေ ပြုန်းတီးသလောက်ဖြစ်နေပြီလို့ ပြောပါတယ်။
တရားမဝင်သစ်ထုတ်လုပ်မှုတွေနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေသလို ၂၀၂၃ ခုကလည်း ရခိုင်ပြည်နယ်အတွင်းကို မိုခါဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။