
မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းလှမြို့နယ် ပကဖ ကနေ သိရပါတယ်။
အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်စခန်းနဲ့ တမိုင်ခွဲလောက်အကွာမှာရှိတဲ့ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက တွဲကားနဲ့ ရုပ်ဖျက်ပြီးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပကဖတာဝန်ခံ ကိုရန်ကြီးအောင်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က စက်လတ်၊ RPG၊ ဒရုန်း၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံခဲ့ပေမယ့် ၅ ယောက် ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြတယ်။ အတွင်းသတင်းပေးတွေဆီကနေ သတင်းရရှိတာကတော့ ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်လုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းမှာလည်း ရှမ်းတပ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပုသိမ်-မုံရွာကားလမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အနီးကပ်တိုက်ခိုက်ခဲ့လို့ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုတွေကို ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူး။”
မင်းလှမြို့နယ်၊ ထန်းကိုင်းရွာနားမှာလည်း ဖေဖော်ဝါရီ ၁၂ ရက်မှာ သရက်မြို့ ကပစ ၁၂ ကနေ စစ်ကူပေးဖို့ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ကားတစီး မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းလှမြို့နယ် ပကဖကနေ သိရပါတယ်။