
ပီရူးနိုင်ငံမြောက်ပိုင်းရှိ အသစ်စက်စက် ဖွင့်လှစ်ထားတဲ့ ချန်ကေးရေနက်ဆိပ်ကမ်းအနီးမှာ မြစ်ကူးတံတား ပြိုကျပြီးတော့ ဘတ်စ်ကားတစီး မြစ်ထဲထိုးကျသွားခဲ့ရပြီးနောက်မှာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြောက်မှတောင်သို့ မော်တော်ယာဉ်တွေ သွားလာနေကြတဲ့ ချန်ကေးမြစ်ပေါ်မှာ ခရီးသည် တင်ဘတ်စ်ကား ဖြတ်သွားနေတုန်း ညသန်းခေါင်အချိန်မှာ တံတားပြိုကျပြီးတော့ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
အခုချိန်ထိ မော်တော်ယာဉ်ထဲမှာ ကံဆိုးသွားရတဲ့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးမှုကို အတည်ပြုနိုင်ပါတယ်လို့ ဟွာရယ်လ်ဒေသရဲ့ အကြီးတန်း အစိုးရအရာရှိ ဟော်ရ်ဟဲ အာရီးတား ကာမာ့ချ်က ပြောပါတယ်။
ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ရာအူးလ်ပီရက်ဇ်ရဲ့ ပြောကြားချက်အရ ဒီဖြစ်ရပ်ဆိုးဟာ အခြေခံအဆောက်အအုံတွေ ပျက်စီးရတဲ့ မြစ်ရေလျှံမှုကြောင့်လား၊ လုံလောက်တဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိတာကြောင့်လားဆိုတာကို ဆုံးဖြတ်ဖို့ ကျန်နေသေးကြောင်း သိရပါတယ်။
ပီရူးနိုင်ငံမှာ လီမာနဲ့ ဟွာရယ်အပါအဝင် ဒေသအသီးသီးမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ထူးထူးခြားခြား မိုးရွာသွန်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Source-Reuters