
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးအနီး၊ သီရိရတနာလက်ကားဈေး၊ ဂျေလိုင်းမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်စောစော ၃ နာရီ မိနစ် ၅၀ လောက်က လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်ကာ ဆိုင် ၃ ခန်း ပျက်စီးသွားတယ်လို့ မြို့နယ်မီးသတ်က ပြောပါတယ်။
မီးလောင်မှုဟာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရဲ့ ရေခဲသေတ္တာကနေ အပူလွန်ကဲ ဝါယာရှော့ဖြစ်ရာက ဘေးကပ်ရက်ရှိ အရောင်းဆိုင် ၂ ခုပါ ကူးစက်လောင်ကျွမ်းသွားတာ ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ၁၅ ပေ၊ ၄၅ ပေရှိ ၂ ထပ်အဆောက်အအုံ ၃ လုံး ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “လောင်တဲ့အချိန်ကစရင် နာရီဝက်လောက် ကြာပါတယ်။ လူထိခိုက်မှု မရှိပါဘူး။ ပျက်စီးတန်ဖိုးတော့ မီးသတ်ပဲ သိပါလိမ့်မယ်” လို့ ပြောပါတယ်။
မီးလောင်မှုနေရာကို မြောက်ဥက္ကလာမီးသတ်၊ နာ/ကူ မီးသတ်တို့က မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ လာရောက်ငြှိမ်းသတ်ခဲ့လို့ မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုအတွင်း လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိပေမဲ့ လျှပ်စစ်ဆိုင်က တာဝန်ရှိသူ အမျိုးသားတယောက်ကို မီးဘေးအန္တရာယ်ပုဒ်မ ၂၈၅ နဲ့ မြို့နယ်ရဲက ဖမ်းဆီးထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၈ နာရီ မိနစ် ၂၀ လောက်ကလည်း ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ မေတ္တာ ၂ လမ်းမှာ အိမ် ၃ လုံး ပျက်စီးပြီး လူ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်က မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက်အထိ ၄ ရက်အတွင်း မီးလောင်မှု ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။