
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းဟာ “တနေ့တချိန်မှာ ရုရှားပိုင်နက် ဖြစ်သွားနိုင်တယ်” လို့ Fox News သတင်းဌာနကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ထင်မြင်ချက် ပေးခဲ့ပါတယ်။
အဲဒီပြောဆိုချက်ကြောင့် ၃ နှစ်ကျော်ကြာ ရုရုားကျူးကျော်စစ်ကို အနောက်နိုင်ငံတွေရဲ့ အကူအညီနဲ့ ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်း အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။
ဒါဟာ ဂျာမနီနိုင်ငံ မြူးနစ်မှာ ကျင်းပသွားမယ့် လုံခြုံရေးညီလာခံအတွင်း အမေရိကန်ဒု-သမ္မတ ဂျေဒီဗန့်စ်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ကြား တွေ့ဆုံဖို့ စီစဉ်ထားချိန်လည်း ဖြစ်ပါတယ်။
“ယူကရိန်းဟာ သဘောတူညီချက်ရအောင် လုပ်နိုင်သလို မလုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တနေ့နေ့မှာ ရုရှားပိုင် ဖြစ်သွားနိုင်သလို တချိန်ချိန်မှာ မဖြစ်နိုင်တာလည်း ရှိနိုင်ပါတယ်” ဆိုပြီး ထရမ့်ပ်က မတင်မကျ ပြောကြားသွားတာပါ။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ(တ်) ဟက်ဂ်ဆတ် ကလည်း ထရမ့်ပ် အစိုးရအနေနဲ့ ယူကရိန်းဆီကို တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာမဟုတ်ကြောင်း အတည်ပြုပါတယ်။
အဲဒီနောက် ထရမ့်ပ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က “ယူကရိန်းနယ်မြေ အတော်များများဟာ ရုရှားလက်အောက် ဝင်ရောက်လိုကြပါတယ်။ ရုရှားပိုင်နက် ဖြစ်လာပြီ ဆိုတာကိုပါ ငြင်းဆန်မရပါဘူး” လို့ တုံ့ပြန်သွားပါတယ်။
ဒါကြောင့် အမေရိကန်သမ္မတရဲ့ သဘောထားဟာ ရုရှားအတွက် ဝမ်းမြောက်စေပုံရတယ်လို့ ဖော်ပြထားပါတယ်။
ရုရှားရဲ့ အလုံးစုံကျူးကျော်မှု စတင်ပြီးချိန်ကတည်းက ယူကရိန်းဒေသ ၄ ခုကို တရားမဝင် သိမ်းပိုက်ခဲ့ပြီး အပြီးတိုင် လက်နက်ချ အညံ့ခံတာမျိုးပါ လိုလားနေတာ ဖြစ်ပါတယ်။
အခုလကုန်ပိုင်းမှာ စစ်ပွဲသက်တမ်းဟာ ၄ နှစ်မြောက်ထဲ ရောက်မှာဖြစ်သလို ယူကရိန်းပိုင်နက်ရဲ့ ၅ ပုံ ၁ ပုံ နီးပါးကိုလည်း ရုရှားက ထိန်းချုပ်ထားပါတယ်။
လက်ရှိစစ်ပွဲကြီး ပြီးသွားရင်တောင် ရုရှားက ကျူးကျော်တာမျိုး ထပ်မဖြစ်စေဖို့အတွက် ယူကရိန်းတပ်သား ၁၅၀,၀၀၀ အပါအဝင် အမေရိကန်ရဲ့ လေကြောင်းအကာအကွယ်၊ ထောက်လှမ်းရေးနဲ့ ဒုံးကျည်စနစ်တွေကို လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေအနေနဲ့ ထောက်ပြထားပါတယ်။
Source : Reuters