
ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ မဲဆောက်မြို့၊ Robinson ကုန်တိုက်အနီးက ဟိုတယ် ၂ ခုကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာ ဗီဇာသက်တမ်းကုန်နေတဲ့ နိုင်ငံခြားသား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသားတွေဟာ ဗီယက်နမ်နိုင်ငံသား ၄ ဦး၊ အိန္ဒိယနိုင်ငံသား ၈ ဦး၊ ယိုးပီယား နိုင်ငံသား ၆ ဦးနဲ့ ဆီယာလီယွန်နိုင်ငံသား ၁ တို့ကို ဗီဇာသက်တမ်း ကုန်ဆုံးပြီး ဟိုတယ်အတွင်း တည်းခိုနေတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိခဲ့ရသူတယောက်က “ဒီကနေ့ မနက်ပိုင်းက Robinson ကုန်တိုက်အနီးမှာရှိတဲ့ ဟိုတယ် ၂ ခုမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက်ဖမ်းဆီးသွားခဲ့တာ တွေ့ရတယ်” လို့ DVB ကို ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေက မဲဆောက်မြို့ပေါ်မှာရှိတဲ့ နိုင်ငံခြားသားအများစု တည်းခိုနေထိုင်တတ်တဲ့ နေရာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံနယ်စပ်တလျှောက် လုံခြုံရေးတင်းကျပ်ထားပြီး ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စောင့်ကြည့်တာတွေ ရှိတယ်လို့ သိရပါတယ်။