
ဂွါတီမာနိုင်ငံ၊ ဂွါတီမာလာစီးတီးမှာ ဘတ်စ်ကားတစီးဟာ ဖေဖော်ဝါရီ ၁၀ ရက် အစောပိုင်းက အဝေးပြေးလမ်း တံတားတခုကနေ လမ်းကြောင်းချော်ပြီး ညစ်ညမ်းတဲ့ လျှိုမြောင်ထဲကို ထိုးကျသွားတာကြောင့် အနည်းဆုံး လူ ၅၁ ယောက် သေဆုံးပြီး အသက်ရှင်ကျန်သူတွေလည်း ပိတ်မိနေခဲ့ကြောင်း မြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူက ပြောပါတယ်။
အမျိုးသား ၃၆ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို ဒီမတော်တဆမှုအတွက် တည်ဆောက်ထားတဲ့ ခရိုင်ရေခဲတိုက်ကို ပို့ဆောင်ခဲ့ကြောင်း မြို့တော်မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ကားလို့စ် ဟာနန်ဒက်ဇ်က ပြောပါတယ်။
ကံမကောင်းစွာနဲ့ပဲ သူတို့ထဲက အတော်များများဟာ ဘတ်စ်ကား ပေါ်ကနေ ပြုတ်ကျပြီး ဘီးတွေလည်နေတုန်းမှာပဲ ဒဏ်ရာအမျိုးမျိုးနဲ့ ချက်ချင်း သေဆုံးသွားကြတာလို့ ဆိုပါတယ်။
သူတို့ကို အထူးစက်ကိရိယာတွေနဲ့ ဆွဲထုတ်ခဲ့ပြီးတော့ ဆွေမျိုးသားချင်းတွေကနေ ဖော်ထုတ်ပေးဖို့ ပြည်သူ့၀န်ကြီးဌာနမှ ခွင့်ပြုချက် မရမချင်း ယာယီရင်ခွဲရုံမှာ ထားရှိခဲ့ကြောင်းလည်း ပြောပါတယ်။
လူအပြည့်အသိပ် တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ဆန်အာဂုစ်တီးန်မြို့မှ အာကာဆာဂွစ်လန် မြို့ကိုသွားတဲ့ လမ်းကြောင်းပေါ်မှာ ခရီးနှင်နေတုန်း ကားလမ်းနဲ့ ချောင်းကိုဖြတ်ကူးတဲ့ ပွမ်တေး ဘယ်လိအဝေးပြေးလမ်း တံတားကနေ မီတာ ၂၀ အကွာလောက်မှာ လျှိုထဲ ထိုးကျသွားတာ ဖြစ်ပါတယ်။
ဘတ်စ်ကားဟာ ရေပုပ်ရေဆိုးထဲမှာ တစိတ်တပိုင်း နစ်မြုပ်နေတာကို ဓာတ်ပုံတွေမှာ တွေ့မြင်ရပြီး မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက အလောင်းတွေကို ဝိုင်းဝန်းဆွဲထုတ်နေကြ ပါတယ်။
ဂွါတီမာလာ သမ္မတ ဘာနာဒိုအာရီဗာလိုက နိုင်ငံတော် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် ကြေညာပြီး ကယ်ဆယ်ရေးလုပ်ငန်းကြိုးပမ်းမှုတွေကို ကူညီပေးဖို့အတွက် နိုင်ငံရဲ့ စစ်တပ်နဲ့ သဘာဝဘေးအန္တရာယ် အေဂျင်စီကို တာဝန်ပေးထားပါတယ်။
Source: Reuters