
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဘုရင့်နောင်လမ်းမပေါ် စကားလှဘုန်းကြီးကျောင်းရှေ့မှာ လူငယ်အမျိုးသား ၂ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေ အိမ်စီးကားတစီးနဲ့ စကားလှဘုန်းကြီးကျောင်းရှေ့မှာ လမ်းသွားလမ်းလာ ဒေသခံတွေကို စစ်ဆေးခဲ့ရာကနေ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ဝန်းကျင်အရွယ် ယောကျ်ားလေး လူငယ်တွေဖြစ်ကြပြီး ရဲ ၂ ယောက်က အဆိုပါလူငယ် ၂ ယောက်ရဲ့ ဆိုင်ကယ်ကို စီးသွားပြီး ကျန်ရှိတဲ့ ရဲနဲ့ စစ်သားတွေက လူငယ် ၂ ယောက်ကို ကားပေါ်တင်ခေါ်သွားတာလို့ အဲဒီအနီးမှာ ဈေးရောင်းနေတဲ့ မျက်မြင်ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီက အခုရက်ပိုင်းအတွင်း မြို့တွင်းက လမ်းမတွေမှာ ရှောင်တခင်စစ်ဆေးပြီး လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးကာ စစ်မှုထမ်းထဲ ထည့်နေတာကြောင့် ဖမ်းဆီးခံရတဲ့ လူငယ် ၂ ယောက်လည်း ပေါ်တာဆွဲခံရတာ ဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ဒကစထဲ ခေါ်ဆောင်သွားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲထားတဲ့ လူငယ်တွေကိုတော့ မြို့နယ်ရဲစခန်းရှေ့က အထွေထွေစုပေါင်းရုံးမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက မြို့တွင်းမှာ လူငယ်တွေကို ပေါ်တာဆွဲတာ ခပ်စိတ်စိတ် ပြုလုပ်နေတာကြောင့် ဒေသခံလူငယ်တွေနဲ့ သားယောကျ်ားလေးရှိတဲ့ မိဘတွေ ထိတ်လန့်စိုးရိမ်နေကြရပါတယ်။
ပဲခူးတိုင်း၊ ကဝမြို့နယ်နဲ့ ရန်ကုန်တိုင်း ခရမ်းမြို့နယ် နယ်နိမိတ်အနီး အရှေ့ဘက်ခြမ်းက ရွာတွေမှာ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အရွယ် အမျိုးသား၊ အမျိုးသမီးတွေကို ဖေဖော်ဝါရီ ၃ ရက်ကစပြီး အဓမ္မ ပေါ်တာဆွဲ ကင်းစောင့်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရွှေညောင်ပင်၊ ဇီးဖြူပင်၊ စခန်းကြီး၊ ညောင်ပင်သာ ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး အမျိုးသား၊ အမျိုးသမီးတွေကို အကုန်ပေါ်တာဆွဲ ကင်းစောင့်ခိုင်းတာလို့ ဆိုပါတယ်။
ညောင်ပင်သာဒေသခံတယောက်က “ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ကျေးရွာတွေမှာ ဧည့်စာရင်းစစ်ပြီး ပေါ်တာဆွဲတာတွေကိုပါ ပြုလုပ်လာတာ။ ခုက ရှောင်တိမ်းလို့မရအောင် စစ်တပ်က ဘုန်းကြီးကျောင်းတွေမှာ နေရာယူ တပ်စွဲထားပြီးမှ ပေါ်တာဆွဲနေတာ” လို့ DVB ကို ပြောပါတယ်။
ရွာမှာက အမျိုးသားတွေ သိပ်မရှိတဲ့အပြင် စစ်မှုထမ်းဥပဒေ စပြီးထုတ်ပြန်ကတည်းက နယ်တွေမှာ အလုပ်သွားလုပ်နေကြတာကြောင့် အမျိုးသမီး အများစုပဲရှိပြီး အမျိုးသမီးစာရင်းတွေ လိုက်ကောက်ပြီး ခရီးသွားခွင့်ပါ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
ရခိုင်၊ ကရင်၊ ကချင်နဲ့ စစ်ကိုင်းတိုင်းဘက်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား မလုံလောက်တော့တာကြောင့် အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုင်ငံတဝန်း စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ စစ်ကောင်စီကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ အထိ ဖွင့်လှစ်ထားပါတယ်။