
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် နယ်နိမိတ်အစပ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးတစင်း ဖေဖော်ဝါရီ ၃ ရက်က ပျောက်ဆုံးနေတယ်လို့ ကျုံပျော် ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သာပေါင်းမြို့နယ် နယ်နိမိတ်အစပ်မှာ အာရက္ခတပ်တော် (AA)၊ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ကျုံပျော်မြို့ ခလရ ၃၆ တပ်ရင်းထဲကနေ ထွက်ခွာသွားတဲ့ စက်တပ်လေထီးတစင်း ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ခလရ ၃၆ နဲ့ နီးစပ်သူတယောက်က “တပ်ထဲမှာ စက်တပ်လေထီး ၆ စင်း ရောက်နေတာ။ ဟိုအရင်ရက်က ကျုံပျော်မြို့နယ်တဝိုက်မှာ ပျံသန်းလေ့ကျင့်နေတာတွေ လုပ်နေတယ်။ နောက်ရက် ရခိုင်အစပ်ဘက်ကို ပျံတက်တာတွေ လုပ်တယ်။ မနက်ပိုင်း တက်သွားပြီး ညနေပိုင်းမှာ ပြန်လာလေ့ရှိတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ကတော့ ပျံတက်သွားတဲ့ စက်တပ်လေထီးတွေထဲက တစင်းပျောက်ဆုံးသွားလို့ လိုက်ရှာနေကြတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာ ပစ်ချခံရတာလား၊ စက်ချို့ယွင်းတာလား ဆိုတာကို မသိရှိရသေးဘဲ ပျောက်ဆုံးသွားတာကတော့ သေချာကြောင်း၊ ကျုံပျော်တပ်ထဲမှာလည်း တခြားနယ်ကနေ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းကို ရခိုင်ပြည်နယ်ဘက်က ဝင်လို့ရတဲ့ မြို့နယ်အစပ်တွေမှာ စစ်ကောင်စီတပ်က ခံစစ်ပြင်တာ၊ လုံခြုံရေးတင်းကျပ်တာတွေ ပြုလုပ်နေပြီး ကျုံပျော်မြို့အခြေစိုက်ဖြစ်တဲ့ ခလရ ၃၆ တပ်ရင်းထဲမှာတော့ လက်နက်ကြီးတွေ လာပို့ထားတယ်လို့ ခလရ ၃၆ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။
စက်တပ်လေထီးတစင်း ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။