
တောင်အာဖရိကအာဏာပိုင်တွေဟာ တရားရုံးအမိန့်အရ စတယ်ဖွန်တိန်း သတ္တုတွင်းထဲမှာ ပိတ်မိနေတဲ့ တရားမဝင် မိုင်းလုပ်သားတွေကို ကယ်ထုတ်ဖို့ ဇန်နဝါရီ ၁၃ ရက်မှာ ပြင်ဆင်နေပါတယ်။
နိုဝင်ဘာလကတည်းက ရဲတပ်ဖွဲ့နဲ့ တင်းတင်းမာမာ ထိပ်တိုက်တွေ့မှုအပြီး မိုင်းတွင်းလုပ်သားတွေ မြေအောက်မှာ သေဆုံးခဲ့ရတာပါ။
အလောင်း ၁၀၉ လောင်းလောက်က ဥမင်လိုဏ်ခေါင်းအတွင်း ပုပ်ပွနေပြီး သည်းမခံနိုင်လောက်တဲ့ အခြေအနေမှာ ယင်ကောင်တွေလို သေနေကြတယ်လို့ ပိတ်မိနေတဲ့ တွင်းလုပ်သားတွေက စာရွက်အပိုင်းအစတွေပေါ်မှာ စာတွေရေးခြစ်ပေးပို့ခဲ့ပြီးတဲ့နောက် အရင်အပတ်က ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်စခဲ့ပါတယ်။
ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေဆီ အစားအစာ၊ ရေနဲ့ ဆေးဝါးအကူအညီတွေကို အနှောင့်အယှက်ကင်းကင်း ပို့ပေးဖို့ အုပ်ချုပ်ရေးမြို့တော် ပရက်တိုးရီးယားမှာရှိတဲ့ အထက်တရားရုံးက အမိန့်ပေးခဲ့ပြီး သက်ဆိုင်သူတွေ အသက်ဆုံးရှုံးတာမျိုး နောက်ထပ်မဖြစ်အောင် ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့ တရားသူကြီးက တောင်းဆိုခဲ့ပါတယ်။
မိုင်းလုပ်သားတွေကို ကယ်ဆယ်ရေးအတွက် ရှေ့တန်းကနေ ဦးဆောင်လုပ်ကိုင်နေတဲ့ တောင်အာဖရိက ထောက်ခံအားပေးရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Mining Affected Communities United in Action (MACUA) က လောလောဆယ် ကယ်ဆယ်ခံရဖို့ စောင့်ဆိုင်းနေရဆဲ မိုင်းလုပ်သား အယောက် ၄၀၀ ကနေ ၈၀၀ ကြားရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သတ္တုတွင်းပိုင်ရှင်တွေက ရဲတပ်ဖွဲ့ရဲ့အမိန့်အရ မိုင်းတွင်းလုပ်သားတွေဆီ ထောက်ပံ့မှုလျှော့ဖို့ ရည်ရွယ်ပြီး စက်သီးစနစ်ကို ဖျက်ဆီးခဲ့ပေမဲ့ MACUA အဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ စက်သီးစနစ်ကို ပြန်ရခဲ့တယ်လို့ MACUA က ပြောပါတယ်။
တောင်အာဖရိက အာဏာပိုင်တွေက မိုင်းတွင်းထဲက လူတွေကို စက်ယန္တရားတွေနဲ့ တတ်နိုင်သမျှ ကယ်ဆယ်ဖို့ ပြင်ဆင်နေကြပါတယ်။
Source : Reuters